DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ကယားရိုးရာ တံခွန်တိုင်ပွဲတော် အကျဉ်းချုံးကျင်းပ
DVB
·
April 5, 2020
လွိုင်ကော်တွင် ကယားရိုးရာ တံခွန်တိုင်ပွဲတော် အကျဉ်းချုံးကျင်းပ
1 / 2
Donate to DVB

ကယားရိုးရာ ကေ့ထျှိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ ချိကယ်တိုက်နယ်၊  နမ့်ကွတ်ရပ်ကွက်မှာ ဒီကနေ့မနက်က အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ပါတယ်။

ချိကယ်တိုက်နယ်အတွင်းမှာ ကျေးရွာပေါင်း ၉ ရွာရှိပြီး တိုက်နယ်ပွဲအနေနဲ့ ကျင်းပရင် လူထောင်ချီ တက်ရောက်မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အကျဉ်းချုံးသာ ကျင်းပတာလို့ ပွဲတော်ဦးဆောင်ကျင်းပသူ ဦးမီရယ်မြင့်မောင်က  ပြောပါတယ်။

“ပထမတုန်းကကျတော့ ကျနော်တို့ ချိကယ်တိုက်နယ်အဆင့်ဆိုတော့ အနည်းဆုံး ရွာ ၁၀ ရွာလောက်တော့ လာကြမယ်။ အခုက အကျဉ်းချုံးပြီးတော့မှ ကျနော်တို့ ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွန်ချက်နဲ့အညီ ရောဂါကို တဖက်ကလည်း တားဆီးနိုင်အောင်၊ တဖက်ကလည်း ရိုးရာအစဉ်အလာ မပျက်လုပ်နိုင်အောင်ပေါ့။ လူအနည်းဆုံး လေး ငါးရာ ရှိမယ့်နေရာမှာ အခု လေး ငါးဆယ်တောင် မရှိဘူး။”

နှစ်စဉ် တံခွန်တိုင်ခုတ်တာတွေ၊ ရိုးရာအကကတာ၊ ဈေးရောင်းပွဲတွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ တံခွန်တိုင်ခုတ်တာကို မပြုလုပ်တော့ဘဲ စိုက်ထူထားပြီးသား တံခွန်တိုင်အဟောင်းကို ပြန်လည်ပြုပြင်ပြီး ပူဇော်ခဲ့တယ်လို့ ဦးမီရယ်မြင့်မောင်က  ပြောပါတယ်။

“ကျနော်တို့ မဖြစ်မနေ ရိုးရာအစဉ်အလာမပျက် လုပ်ကိုလုပ်ရမယ်လို့တော့ ဦးလေးတို့က ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကျန်းမာရေးလမ်းညွန်ချက်နဲ့အညီ လက်တွေဆေးတာတို့ ဘာတို့တာ့ လုပ်ပါတယ်။ ကျနော်တို့ရိုးရာပွဲတော်ကို သမီးတို့တွေ့တဲ့အတိုင်းပဲ တံခွန်တိုင်ကိုလည်းပဲ ကျနော်တို့ က အသစ်ခုတ်မယ့်အစား အဟောင်းကိုပဲ ပြင်ဆင်မွမ်းမံပြီးတော့မှ လှူတယ်၊ ဒါန်းတယ်။ ဧည့်သည်ကိုတော့ မဖိတ်တော့ဘူးပေါ့လေ။ တံခွန်တိုင်ကိုလည်း ပူဇော်ပသမယ်ပေါ့။ နေ့လယ်ကျရင် ဝက်ကလေးတကောင်နဲ့ လုပ်ဦးမယ်။ ဒါကလည်း လူ ဆယ့်လေး ငါးယောက်၊ နတ်ဆရာတွေ ဘာတွေနဲ့ ကျနော်တို့ ဖြစ်အောင်တော့ လုပ်သွားမှာပေါ့လေ။”

ဒီပွဲကို မကျင်းပဘဲ ရက်ရွှေ့ဆိုင်းထားဖို့ အာဏာပိုင်တွေက ပြောဆိုလာတာ ရှိပေမယ့် နောက်လမှ ရွှေ့ဆိုင်းရင် ရိုးရာအရ ဆန့်ကျင်သလိုဖြစ်တဲ့အတွက် ဒီလအတွင်းမှာပဲ နတ်ဆရာတွေနဲ့ ပြုလုပ်ရတာလို့လည်း ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၆၂ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာမှာ မတ်လ ၂၈ ရက်နေ့က  အကျဉ်းချုံး ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ကယားရိုးရာ ကေ့ထျှိုးဘို (ခေါ်) တံခွန်တိုင်ပွဲတော်ကို မိုးလေဝသ မှန်ကန်စေဖို့၊ ဆန်ရေစပါးနဲ့ ကောက်ပဲသီးနှံ ဖြစ်ထွန်း အောင်မြင်စေဖို့၊ သဘောဝဘေးအန္တရာယ်နဲ့ ရောဂါဘယ ကင်းဝေးစေဖို့၊ တိုင်းပြည်အေးချမ်း သာယာပြီးကမ္ဘာသူ/သားများ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013