DVB Logo
Home
မြန်မာသတင်း
မင်းပြားနှင့် ပေါက်တောတွင် စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်
DVB
·
April 10, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပုလဲတောင်ကျေးရွာ ပတ်ဝန်းကျင်နဲ့ ပေါက်တောမြို့နယ် မြေငူကျွန်းရှိ သဲခုံကျေးရွာ ပတ်ဝန်းကျင်တို့ကို စစ်အာဏာရှင်တပ်က ဧပြီ ၉ ရက် နေ့လယ်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းပြားမြို့နယ်၊ ပုလဲတောင်ကျေးရွာ ပတ်ဝန်းကျင်ကို ဧပြီ ၉ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ် တစင်းနဲ့ Y-12 တစင်း အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မင်းပြားဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဘာကြောင့် ပုလဲတောင်ပတ်ဝန်းကျင်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ် ဆိုတာကိုတော့ ကျနော်တို့လည်း အတိအကျ မသိဘူး။ ရွာသားတွေကတော့ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တိမ်းရှောင်နေကြတယ်။”

ဧပြီ ၈ ရက် မနက်ကလည်း မင်းပြားမြို့နယ်၊ ပုလဲတောင်ကျေးရွာနဲ့ ပတ်ဝန်းကျင် တောင်တန်းတွေကို စစ်တပ်က လေကြောင်းကနေ လေယာဉ် ၄ စင်းနဲ့ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့လို့ ကျေးရွာသားတယောက် သေဆုံးကာ နောက်ထပ်တယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးနားက ကပ်ပဲ့ကျေးရွာ၊ မင်းဖူး၊ အသေကာလ၊ ပြင်ယောင်း၊ ရွှေကျင်၊ ဒိုင်းသား၊ ထိန်ပြင် စတဲ့ကျေးရွာတွေက ရွာသားတွေ ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးနေကြတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

“အနီးအနားကို အခုလို လေယာဉ်အများနဲ့ ဗုံးကြဲတာ တခါမှ မကြားဘူး၊ အခု အသံတွေက ဆူညံသွားတာပဲ တကွင်းလုံး၊ တချို့​ အနီးနားကျေးရွာကလူတွေ ထွက်ပြေးနေတယ်။”

ဒါ့အပြင် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ သဲခုံကျေးရွာနဲ့ ပတ်ဝန်းကျင်ကိုလည်း ဧပြီ ၉ ရက် မနက် ၁၁ နာရီခွဲလောက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကျေးရွာသားတွေ စစ်ဘေးတိမ်းရှောင်နေကြရတာကြောင့် အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ ပေါက်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“မြေငူကျွန်းရဲ့ ပင်လယ်ကမ်းခြေရွာ စစ်တွေမြို့ရဲ့ တဖက်ကမ်းက သဲခုံရွာ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ ရွာသားတွေကတော့ အကုန်လုံး စစ်ဘေးရှောင်နေကြရတာကြောင့် အထိအခိုက်ရှိသံတော့ ကျနော်တို့ မသိရသေးဘူး။ သဲခုံရွာက စစ်တွေမြို့နယ် ၂ မိုင်ပတ်ဝန်းကျင် အကွာအဝေးသာ ရှိတာကြောင့် မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။ တိုက်ပွဲလည်း မရှိဘဲ စစ်ကောင်စီက ဒီအတိုင်း ဗုံးကြဲတိုက်ခိုက်သွားတာ။”

စစ်ကောင်စီဟာ တပ်ချုပ်အသစ်ပြောင်းပြီးနောက် ရခိုင်က မြို့ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို မကြာခဏ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

ဧပြီ ၁ ရက်ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့အနီးက ခလရ-၅၅ တပ်ရင်းအနီးဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် မိသားစုဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး လက်ထက်မှာ ပထမဆုံး မိသားစုလိုက် အစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ကျောက်ဖြူမြို့မှာတော့ စစ်ကောင်စီက အင်အား ထပ်ဖြည့်နေပြီး ဒဏ်ရာရထားတဲ့ တပ်ဖွဲ့ဝင်တွေကို ရန်ကုန်ဆီ ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၆ ရက် ညဉ့်အချိန်မှာ စစ်ကောင်စီရေတပ်က အင်အား ၂၀၀ လောက် ဓညဝတီ ရေတပ်ဌာနချုပ်ကို ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ညဉ့်အချိန်ကို တမင်ရွေးပြီး ဝင်တာပါ။ သူတို့ အင်အားဖြည့်တာကို ပတ်ဝန်းကျင်က မသိစေချင်တဲ့ ပုံပါပဲ။ အရင်တခေါက်တုန်းက အင်အားဖြည့်ရင် မြို့ဖောင်တော်ကပဲတင်တယ်၊ ပြီးမှ ခလရ ၃၄ ကို ပို့တယ်။”

စစ်ကောင်စီဟာ ရခိုင်ဘက် စစ်မျက်နှာမှာ အထိနာနေတာကြောင့် မြေပြင်ထိုးစစ်ထက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဦးတည်ပြီး တိုက်ခိုက်လာနေတာ ဖြစ်တယ်လို့ ရခိုင်က စစ်ရေးအကဲခတ် အသက် ၅၀ အရွယ် အမျိုးသားတယောက်က ပြောပါတယ်။

“တပ်ချုပ်သစ် ရဲဝင်းဦး လက်ထက်မှာ စစ်တပ်က ရခိုင်ပြည်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာတာ တွေ့ရတယ်။ အထူးသဖြင့် ရခိုင်က သူတို့ ဆုံးရှုံးမြို့နယ်တွေကို ရှမ်းမြောက်တို့၊ မန္တလေးဘက်တို့မှာလို မြေပြင်ထိုးစစ်တွေနဲ့ ရှေ့ဆက်မတိုးနိုင်တဲ့အခါ လေကြောင်းကနေ ရှုံးမဲမဲပြီး တိုက်ခိုက်လာနေတာ ဖြစ်တယ်။ မကွေး၊ ပဲခူးနဲ့ ဧရာဝတီဘက်ကနေ ရခိုင်ဘက်ကို မြေပြင်ထိုးစစ်တွေ ဆင်နိုင်ဖို့ ကြိုးပမ်းမှုတွေဟာ ဖရိုဖရဲနဲ့ တပ်ဆုတ်နေရတာတွေကြောင့် ရခိုင်က အရပ်ဘက် ပစ်မှတ်တွေကို ဦးတည်ပြီး တိုက်ခိုက်လာတာ။”

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိနိုင်ဖို့ မကွေးတိုင်း ငဖဲမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နဲ့ ဧရာဝတီတိုင်း ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တို့မှာ မြေပြင်ထိုးစစ်တွေ ဆင်နေပေမဲ့လည်း အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်တွေရဲ့ ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် အရာမထင်ဘဲ အရှုံးနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်စစ်မျက်နှာက ကျောက်ဖြူနဲ့ စစ်တွေ စစ်မျက်နှာတွေမှာလည်း စစ်ကောင်စီဟာ အရှုံးနဲ့ ရင်ဆိုင်နေရပြီး အင်အားပြုန်းတီးမှုနဲ့ ထပ်ဆင့်ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားကာ လက်ရှိမှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မကွေး၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာပါ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013