ကိုရိုနာဗိုင်းရပ်စ် ရောဂါ COVID-19 နဲ့ပတ်သက်ပြီး အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှု Quarantine လုပ်ခံထားရသူတွေအတွက် “စောစောပြော” Mobile App ထွက်ရှိလာပါတယ်။
လက်ရှိ Quarantine လုပ်ထားတဲ့နေရာတွေမှာ စောင့်ကြပ်ကြည့်ရှုခံနေရတဲ့ သူတွေအတွက် အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကျွမ်းကျင်သူတွေ၊ နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ Volunteer လူငယ်တွေက Mobile App ကို ထည့်ပေးသွားမှာဖြစ်ပါတယ်။
သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “စောစောပြော” Mobile App ရေးဆွဲထားကြောင်းနဲ့ Quarantine လုပ်နေတဲ့ ပြည်သူ တဦးချင်းကို MPT၊ Telenor၊ Ooredoo နဲ့ Mytel စတဲ့ တယ်လီဖုန်း Sim Card နဲ့ အင်တာနက်ဒေတာ 1 GB ကို အခမဲ့ပေးသွားမယ်လို့ ပြောပါတယ်။
စောင့်ကြပ်ကြည့်ရှုခံ တစ်ဦးချင်းအနေနဲ့ နေ့စဉ် ကိုယ်အပူချိန်တိုင်းတာဖို့၊ နှာချေ၊ ချောင်းဆိုး ရှိ၊ မရှိစတဲ့ ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ အချက်အလက်တွေကို နေ့စဉ်သတိပေး စစ်ဆေးရမှာဖြစ်ပါတယ်။
စစ်ဆေးသူရဲ့ Location ကိုလည်း ဖုန်းထဲမှာရှိတဲ့ GPS ကို သုံးပြီး ရရှိထားတဲ့အချက်အလက်တွေနဲ့အတူ “စောစောပြော”Platform ကို ပေးပို့မှာဖြစ်ပြီး Database နဲ့ သိမ်းဆည်းထားမယ်လို့ သိရပါတယ်။
ဒီ Mobile App ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုအရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ နည်းပညာရှင် ကိုထူးမြင့်နောင်တို့ ပူးပေါင်းရေးဆွဲတာဖြစ်ပါတယ်။











