ဖျာပုံတွင် ဆန် ၁ပြည် ကျပ် ၁၀၀၀ နှုန်းဖြင့် အိမ်အရောက် လိုက်လံရောင်းချပေးမည်
DVB
·
March 31, 2020

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ဆောင်နေတဲ့ ကာလအတွင်း အခြေခံလူတန်းစားတွေအတွက် အချွန်ဆန် တပြည် ၂ ကီလိုတထုပ်ကို ငွေကျပ် ၁၀၀၀ နဲ့ အိမ်အရောက်အထိ လိုက်လံရောင်းချပေးဖို့ ဖျာပုံမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းက ကြိုတင်ပြင်ဆင်နေပါတယ်။
ဖျာပုံမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းသန်း က “ဒီနေ့အချိန်အထိ ဖျာပုံမှာ ဆန်စျေးက အပြောင်းအလဲတော့ မရှိသေးဘူး။ ဆန်စျေးတွေ စျေးတက်လာလို့ စျေးနှုန်းပြောင်လဲခဲ့ရင်လည်း ဖျာပုံမြို့နယ်ဆန်စက်ပိုင်ရှင်များ အသင်းကနေ အခြေခံပြည်သူတွေ အတွက် အရှုံးခံပြီး အချွန်ဆန် တစ်ပြည် ၂ ကီလိုတထုပ်ကို ငွေ ၁၀၀၀ ကျပ်နဲ့ အိမ်အရောက်လိုက်ရောက်ပေးမယ်”လို့ ပြောပါတယ်။
ဖျာပုံမြို့နယ်အတွင်းမှာ ဒေသခံတချို့က အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတာတွေ ဝယ်ယူစုဆောင်းနေကြတာရှိနေကြပေမယ့် အခြေခံ လက်လုပ်လက်စား လူတန်းစာတွေကတော့ ဝယ်ထားနိုင်ခြင်းမရှိပါဘူး။
ဖျာပုံမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးအုန်းဟန်ကတော့ မြို့နယ်အတွင်းမှာ ဆန်တွေအလုံအလောက်ရှိလို့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။
“ဖျာပုံမြို့နယ်အတွင်းမှာ လက်ရှိ ရှိနေတဲ့ ဆန်အရေအတွက်ဟာ ဖျာပုံမြို့နယ် တစ်ခုတည်းသာ စားသုံးမယ်ဆိုရင် နောင် ၃ နှစ်တောင် မကုန်နိုင်တဲ့ အခြေအနေရှိပါတယ်။ အခြေခံစာသုံးကုန် ဆန်နဲ့ပတ်သက်လို့ ပြည်သူတွေ စိုးရိမ်စရာ မရှိဘူး”
ဖျာပုံမြို့နယ်ဟာ ဆန်၊ ပင်လယ်ရေထွက်ကုန်၊ ရေချိုရေထွက်ကုန်နဲ့ စိုက်ပျိုးသီးနှံတွေ ထွက်တဲ့ မြို့ဖြစ်တာကြောင့် စားနပ်ရိက္ခာတွေ မပြတ်နိုင်ဘူးလို့ ဒေသခံတွေကလည်း ယုံကြည်နေကြပါတယ်။
သတင်း- ကျော်စိုးမိုး