ဖိလစ်ပိုင်သမ္မတဟောင်းတယောက်ရဲ့ သားဖြစ်သူ အထက်လွှတ်တော်အမတ် ဂျိုဆေး “ဂျင်ဂွိုင်” အက်စထရာဒါဟာ ပြီးခဲ့တဲ့နှစ်က လူထုဆန္ဒပြမှုတွေကို ပေါ်ပေါက်စေခဲ့တဲ့ အခြေခံအဆောက်အအုံ အရှုပ်တော်ပုံရဲ့ တစိတ်တပိုင်းအဖြစ် တရားမဝင် ငွေပေးချေမှုတွေကို လက်ခံရယူခဲ့တယ်ဆိုတဲ့ စွဲချက်အတွက် ဇွန် ၁ ရက်က အာဏာပိုင်တွေဆီမှာ လာအဖမ်းခံခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံး အမ်ဘတ်စ်မန်းဟာ ဖိလစ်ပိုင်ဥပဒေအရ အာမခံမရတဲ့ ပြစ်မှုဖြစ်တဲ့ အတင်းအဓမ္မ ယူငင်မှုနဲ့ အက်စထရာဒါကို ဖမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က အမ်ဘတ်စ်မန်းရုံးဟာ အက်စထရာဒါကို ပီဆို ၅၇၃ သန်း (ဒေါ်လာ ၉ ဒသမ ၃ သန်း) တန်ဖိုးရှိတဲ့ “လာဘ်ငွေ” ရရှိမှုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေကို ချိုးဖောက်မှုနဲ့ တရားစွဲခဲ့ပါတယ်။
အက်စထရာဒါက အမှားအယွင်းတွေကို ငြင်းဆိုခဲ့ပြီး စွဲချက်တွေဟာ နိုင်ငံရေးအရ လှုံ့ဆော်မှု ဖြစ်တယ်လို့ ပြောပါတယ်။
အက်စထရာဒါက “ကျနော့်အပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး ဆိုတာ သက်သေပြဖို့ အဆုံးထိ ကျနော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
သူ့ကို ပြီးခဲ့တဲ့အပတ်က သီးခြားပြစ်မှုတခုအတွက် အာမခံပေးခဲ့ပါတယ်။ ဖိလစ်ပိုင်တဝန်းမှာ အန္တရာယ်ရှိပြီး ချို့ယွင်းချက်ရှိတဲ့ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အဆောက်အအုံတွေကို ဗဟိုပြုတဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံဟာ မကြာသေးမီ ၃ လပတ်တွေအတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးနေပြီး လာဘ်စားမှုတွေကို စိတ်ပျက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကို တုန်လှုပ်စေခဲ့ပါတယ်။
Source: Reuters










