သွင်းကုန်၊ ပို့ကုန်လိုင်စင်များ အွန်လိုင်းက စတင်လျှောက်ထားနိုင်
DVB
·
March 28, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆောင်ရွက်တဲ့အနေနဲ့ ဧပြီ ၁ ရက်ကစပြီး သွင်းကုန်/ပို့ကုန် လုပ်ငန်းလိုင်စင်တွေကို အွန်လိုင်းကနေ စတင်လျှောက်ထား အသုံးပြုနိုင်ပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောပါတယ်။
စီးပွား/ကူးသန်းဝန်ကြီးဌာနဟာ လက်ရှိအသုံးပြုနေတဲ့ အွန်လိုင်းသွင်းကုန်/ပို့ကုန် လိုင်စင်စနစ်ကိုပဲ အဆင့်မြှင့်ပြီးတော့ ကုန်သွယ်ရေးအတွက် လိုအပ်တဲ့ လိုင်စင်တွေကို ထုတ်ပေးသွားမှာပါ။
အွန်လိုင်း လိုင်စင်စနစ်သစ်ကို တည်ဆောက်နေတာဟာ နောက်သုံးလအကြာမှ အသုံးပြုနိုင်မှာဖြစ်လို့ လတ်တလော သုံးနေတဲ့စနစ်ကိုပဲ ကုန်သွယ်ရေးအတွက် သုံးနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိသုံးစွဲနေတဲ့ အွန်လိုင်းလိုင်စင်စနစ်မှာ CNP အထည်ချုပ်တွေလိုမျိုး ရှင်းလင်းတဲ့ကုန်သွယ်ရေးလုပ်ငန်းတွေအတွက် အွန်လိုင်းကနေ လုပ်ကိုင်ရတာလွယ်ပေမယ့် ကုန်စည်တချို့ကတော့ လူကိုယ်တိုင်လိုင်စင် လျှောက်ထားနေရပါတယ်။
အခု တိုးချဲ့ပြောင်းလဲမယ့် အွန်လိုင်းလိုင်စင်စနစ်ကြောင့် စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေသြဇာနဲ့ ဆေးဝါးအမျိုးမျိုး ပါဝင်လာတာကြောင့် တနိုင်ငံလုံး ကုန်သွယ်ရေးရဲ့ ထက်ဝက်နီးပါးကို အွန်လိုင်းစနစ်ကနေ လူလာစရာမလိုဘဲ ဆောင်ရွက်နိုင်မယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ဆိုပါတယ်။