DVB Logo
Home
မြန်မာသတင်း
အရေးပေါ်ကာလတွင် ကူညီရန် Save Mandalay from COVID-19 အဖွဲ့ ဖွဲ့စည်း
DVB
·
March 27, 2020
အရေးပေါ်ကာလတွင် ကူညီရန် Save Mandalay from COVID-19 အဖွဲ့ ဖွဲ့စည်း
Donate to DVB

မန္တလေးမြို့မှာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေနဲ့ကြုံတွေ့ရတဲ့အခါ  ပြည်သူလူထုကို ကူညီဖို့နဲ့ ကာကွယ်ပေးဖို့အတွက် Save Mandalay from COVID-19 အဖွဲ့ကို မတ်လ ၂၅ ရက်က စတင်ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့ဟာ အွန်လိုင်းက ကောလာဟလသတင်းမှားတွေကို စနစ်တကျ တုံ့ပြန်ဆောင်ရွက်ဖို့၊ တိုင်းကျန်းမာရေးဦးစီးဌာန၊ SRT(Special Response Team ) တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့၊ Hand Gel နဲ့ အခြေခံလိုအပ်တဲ့ အသုံးအဆောင်တွေကို အရေးပေါ်ကာလမှာ အသုံးပြုနိုင်ဖို့ ကြိုတင် စုဆောင်းတာ၊ အရေးပေါ်ကာလမှာ ကူညီမယ့် စေတနာဝန်ထမ်းတွေကို လေ့ကျင့်ပေးပြီး အသင့်ပြင်ဆင်ထားဖို့တွေ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ဒေါက်တာခွန်ကျော်ဦးက “COVID-19 နဲ့ပတ်သက်ပြီးတော့ ကျ‌တဲ့နေရာကနေ အထောက်အကူပေးမယ်ပေါ့။ နံပါတ် တစ်က။  နံပါတ်နှစ်ကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအမံကို လိုက်နာပြီးတော့ ကူညီဆောင်ရွက်မယ်ပေါ့။ အဲဒီလိုရည်ရွယ်ချက်နဲ့ပဲ အမြန်ဖွဲ့လိုက်တာ” လို့ ပြောပါတယ်။

ဒီအဖွဲ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းသမားတွေ စတဲ့ ကဏ္ဍပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အရေးပေါ်ကာလမှာ ကူညီပေးနိုင်တဲ့ ကိစ္စရပ်တွေမှန်သမျှ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒေါက်တာခွန်ကျော်ဦးက “အရေးကြီးတဲ့အခြေအနေမှာ လိုအပ်မယ့်ဟာ ခုကတည်းက စုဆောင်းထားမယ်။ အဲဒါဘာလဲဆိုတော့ ဟန်းဂျယ်လိုဟာမျိုး၊ နောက်ပြီးတော့ mask လိုဟာမျိုးပေါ့ဟာ၊ နောက်ဆုံး PPE လိုဟာမျိုးပေါ့၊ တတ်နိုင်တဲ့အတိုင်းအတာတခု ကျနော်တို့ သိမ်းဆည်းထားမယ်ပေါ့။ စုဆောင်းထားမယ်၊ အလှူရှင်တွေ ရှာမယ်၊ ခုအချိန်မှာတော့ လူတွေ အကုန်လုံးကတော့ ပိုက်ဆံရှိသေးတယ်၊ ပစ္စည်းတွေက ရှားတော့ရှားတယ်၊ ဝယ်လို့ရသေးတယ်။ ကိုယ့်ဟာနဲ့ကိုယ် လုပ်နိုင်တယ်။ တကယ် နင်လားငါလားကျတော့ ပြတ်တဲ့အချိန်မှာ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က ခု save ကို လုပ်ထားတာပေါ့နော်”လို့ ပြောပါတယ်။

ပြည်သူ့ကျန်းမာရေး အဓိကလုပ်ပေးနေတဲ့ အောက်ခြေ သန့်ရှင်းရေးဝန်ထမ်းကအစ သူနာပြုတွေနဲ့ ဆရာဝန်တွေအတွက်လည်း လိုအပ်တဲ့အခါမှာ ကူညီထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် သတင်းအမှန်တွေရဖို့ တတ်နိုင်သမျှ စုစည်းဖော်ပြပေးမှာဖြစ်ပြီး သတင်းမှားတွေကို လိုက်လံစိစစ်ကာ ကောလာဟလအဖြစ် ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်မယ်လို့ သိရပါတယ်။ သတင်းမှားတွေ လူထုကြားမှာ ပျံ့နှံ့မှုမရှိစေဖို့ ကွင်းဆင်းပြီး လိုက်လံစိစစ်တာတွေပါ လုပ်ဆောင်ပြီး သတင်းမှန်သိစေဖို့ ဆောင်ရွက်မယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာတော့ ပြည်ပက ပြန်လာတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားတဦးမှာ COVID-19 ဓာတ်ခွဲစမ်းသပ်ချက်အဖြေ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း-ထိန်ထိန်လင်း၊ ဓာတ်ပုံ-ဒေါက်တာ ခွန်ကျော်ဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013