DVB Logo
Home
မြန်မာသတင်း
ထန်းရှောက်ခံရွာ လူအစုလိုက်သတ်ဖြတ်မှု HRW စွပ်စွဲချက်အပေါ်  AA ငြင်းဆို
DVB
·
May 22, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာမှာ ဒေသခံရိုဟင်ဂျာ ၁၇၀ လောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမဲ့ ဒီထုတ်ပြန်ချက်အပေါ် အာရက္ခတပ်တော် (AA) ဘက်က လုပ်ကြံဖန်တီးမှုသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်မှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က “အရိုးစုတွေနဲ့ ဦးခေါင်းခွံ တွေ နေရာအနှံ့ ပြန့်ကျဲနေတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ ၂၀၂၄ ခုနှစ် မေ ၂ ရက် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်း ဘေးလွတ်ရာကို ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို AA က သတ်ဖြတ်ခဲ့လို့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၁၇၀ ကျော် သေဆုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒီထုတ်ပြန်ချက်ကို မျက်မြင်သက်သေ ၄၁ ယောက်ရဲ့ ထွက်ဆိုချက်၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်ပေါ်ရှိ ရုပ်သံဖိုင်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်ဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ HRW က တောင်းဆိုထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားနေတဲ့ အာရ်ကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) ရဲ့ ပူးတွဲဥက္ကဋ္ဌ ဦးနေဆန်းလွင်က သူ့အမြင်ကို ပြောပြပါတယ်။

“အဓိကကတော့ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ထားတဲ့အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု၊ နစ်နာသူတွေအတွက် တရားမျှတမှု ဒါက အင်မတန်အရေးကြီးတယ်။ AA ကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ဘာမှမလုပ်ဘူးဆိုရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမယ်။ အဲဒီလို ရနေမယ်ဆိုရင် ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေမယ်။ အဲဒါကြောင့် ရာဇဝတ်မှုတွေ ကျူးလွန်နေတာ အဆုံးသတ်ဖို့အတွက် အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာအောင် လုပ်ကိုလုပ်ဖို့ လိုပါတယ်။”

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ HRW ရဲ့ အစီရင်ခံစာ ဟာ အခြေအမြစ်မရှိဘဲ ကုလသမဂ္ဂအစည်းအဝေးတွေနဲ့ ချိန်ကိုက်ပြီး ရန်ပုံငွေရဖို့ လုပ်ကြံဖန်တီး ထားတဲ့ ဇာတ်လမ်းသာ ဖြစ်တယ်လို့ RFA သတင်းဌာနကို တုံ့ပြန် ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီ စွပ်စွဲချက်တွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဖျက်ဆီးနေတာ ဖြစ်တယ်လို့ လည်း AA ဘက်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပါတယ်။

တဖက်မှာလည်း အဲဒီ ထန်းရှောက်ခံရွာကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ မြေပြင် သတင်းထောက် တယောက်ကတော့ HRW ရဲ့ စွပ်စွဲချက်နဲ့ မတူညီတဲ့ မြေပြင်အခြေအနေကို ရှင်းပြပါတယ်။

ထန်းရှောက်ခံရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ မြေပြင်သတင်းထောက်တယောက်က “ဒီထန်းရှောက်ခံရွာကျတော့ ရွာပျက်ကြီး ဖြစ်သွားပြီပေါ့နော်။ နေစရာအိမ်တွေ ဘာတွေ ဘာမှလည်း မရှိတော့ဘူး။ ဒီနေရာမှာ ရွာသူရွာသားတွေ အလောင်းမဟုတ်ဘူး ဘာမှမကျန်ခဲ့ဘူး။ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေပဲ ဖြစ်တယ်။ သူတို့ကို ဒီ တိုက်ပွဲမဖြစ်ခင်တည်းကနေ အာရက္ခတပ်တော် (AA) ဘက်ကနေပြီးတော့ ကယ်ထုတ်သွားတယ်ဆိုပြီးတော့ ရွာသားတွေ ဖြေကြားတာ ရှိပါတယ်။ နောက်ပြီးတော့ အရိုးအများစုရှိတဲ့ နေရာပေါ့နော် လယ်ကွင်းပေါ့၊ ဒီလယ်ကွင်းတွေကို ဆိုရင်လည်း ညီမတို့ သွားပြီးတော့ ကြည့်ရှုခဲ့တယ်။ အဲဒီအချိန်မှာလည်း ဒီ ယူနီဖောင်းတွေနဲ့ ဦးထုပ်တွေ စစ်ကောင်စီတပ်သား အလောင်းတွေ ဖြစ်နိုင်တဲ့ အရိုးစုတွေပဲ တွေ့ရတယ်။ နောက်တခုက ထန်းရှောက်ခံရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေရော ဒီ စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်စလင် ပြည်သူ့စစ်တွေပေါ့ နော်။ သူတို့လည်း ဝင်ပြီးတော့ တိုက်ခဲ့တာတွေ ရှိတယ်။ အဲဒါကြောင့် ဒီ သေဆုံးသွားတဲ့ထဲမှာ မွတ်စလင်လို့ ပြောရမယ်ဆိုရင် မွတ်စလင် စစ်သားတွေပဲ သေဆုံးသွားတာ ရှိတယ်လို့ပဲ ပြောရမှာပေါ့နော်” လို့ ပြောပါတယ်။

ထန်းရှောက်ခံရွာရဲ့ တည်နေရာဟာ မြောက်ဘက်မှာ စစ်အာဏာရှင်ရဲ့ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) ရှိနေပြီး အရှေ့တောင်ဘက်မှာတော့ ခြေလျင်တပ်ရင်း (ခလရ-၅၅၁) တည်ရှိနေတာကြောင့် တိုက်ပွဲပြင်းထန်လာတဲ့အခါ နှစ်ဖက်ညှပ်ပြီးသား အခြေအနေမျိုး ဖြစ်ခဲ့တယ် လို့ ဆိုထားပါတယ်။

ဒါ့အပြင် ထန်းရှောက်ခံရွာမှာ ရိုဟင်ဂျာပြည်သူ့စစ်သား ၂၀၀ ကျော် အပါအဝင် စစ်တပ်က တပ်သား ၅၀၀ ဝန်းကျင်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ စကခ ၁၅၊ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က ဒေသတွင်းမီဒီယာတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

ရခိုင်ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးဖေသန်းကတော့ ULA/AA အနေနဲ့ ဒီကိစ္စကို သတင်းစာရှင်းလင်း ပွဲလုပ်ပြီး ပြည်တွင်းပြည်ပ သတင်းဌာနတွေကို မြေပြင်အထိ ဖိတ်ခေါ်ပြသခဲ့တာကြောင့် HRW အနေနဲ့ အဝေးကနေ စွပ်စွဲမဲ့အစား ပူးပေါင်းအဖြေရှာသင့်တယ်လို့ ထောက်ပြထားပါတယ်။

“ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲ ဖြစ်စဥ်ဟာ အလွန်ပြင်းထန်ပေမဲ့ AA က အကောင်းဆုံးကိုင်တွယ် ဖြေရှင်းခဲ့တယ်ဆိုတာ ကျနော်တို့ မျက်မြင်ဖြစ်ပါတယ်။ သက်သေအထောက်အထားတွေလည်း အများကြီးရှိပါတယ်။ ULA ကလည်း ထန်းရှောက်ခံကိစ္စကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေရှင်းခဲ့ရုံမက ပြည်တွင်းသတင်းဌာနတွေကိုပါ ဖိတ်ခေါ်ပြီး ထန်းရှောက်ခံရွာသားတွေနဲ့ရော စကစက သုံ့ပန်းစစ်သားအရာရှိတွေနဲ့ပါ တွေ့ဆုံပေးခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံတကာသတင်းဌာနတွေ အဖွဲ့အစည်းတွေကိုပါ လာရောက်အဖြေရှာဖို့ ဖိတ်ခေါ်ထားပါသေးတယ်။ ဒါကြောင့် HRW အနေနဲ့ အဝေးက မှန်းရမ်းပြီး တဖက်သတ်အသံကို နားထောင်ပြီး စွပ်စွဲပြောဆိုနေမဲ့အစား လက်တွေ့ သိမြင်နိုင်ဖို့အတွက် ULA/AA နဲ့ ပူးပေါင်းအဖြေရှာဖို့ အကြံပြုချင်ပါတယ်။”

အခုလို လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကတော့ AA ကို ပိတ်ဆို့အရေးယူဖို့ ဗြိတိန်အစိုးရကို တောင်းဆိုထားပေမဲ့ ထိရောက်တဲ့ ဘဏ္ဍာရေးသက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်က သုံးသပ် ထားပါတယ်။

Burma Campaign UK အမှုဆောင်ဒါရိုက်တာ  အန်နာရောဘတ်က “ဗြိတိန်အစိုးရအနေနဲ့ AA အပေါ် ပိတ်ဆို့အရေးယူဖို့ စဉ်းစားနေတယ်ဆိုတဲ့ လက္ခဏာရပ်မျိုး မရှိပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေကြောင့် Burma Campaign UK က AA အပေါ် ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဗြိတိန်အစိုးရဆီက ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပါဘူး။ ဗြိတိန်အစိုးရအနေနဲ့ ချမှတ်နိုင်တဲ့ ပိတ်ဆို့အရေးယူမှု အမျိုးအစားတွေကတော့ ပိုင်ဆိုင်မှု ဖြတ်တောက်တာနဲ့ ခရီးသွားလာခွင့် ပိတ်ပင်တာမျိုးတွေ ဖြစ်ပါလိမ့်မယ်။ AA မှာ အဲဒီလိုမျိုး ပိုင်ဆိုင်မှုတွေမရှိသလို ခရီးသွားလာတာမျိုးလည်း မရှိတဲ့အတွက် ဒါက AA အပေါ် ဘဏ္ဍာရေးအရ သက်ရောက်မှု အများကြီး ရှိမှာမဟုတ်ပါဘူး” လို့ DVB ကို ပြောပါတယ်။

ထန်းရှောက်ခံရွာမှာ မြို့သိမ်းတိုက်ပွဲ မစတင်မီ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၁၄ အိမ်၊ လူဦးရေ ၉၃၃ ယောက်ရှိပြီး လက်ရှိ ကောက်ယူထားတဲ့ စာရင်းတွေအရလည်း နေထိုင်သူ ၇၉၀ ယောက်နဲ့ ပြည်ပထွက်ခွာသွားသူ ၁၃၈ ယောက် စုစုပေါင်း ၉၂၈ ယောက် ရှိတယ်လို့ AA ဘက်က ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ထန်းရှောက်ခံရွာဟာ ရွာပျက်ကြီးသဖွယ် ရောက်ရှိသွားခဲ့ပြီး ကျန်ရှိတဲ့ ရွာသားတွေ ဟာ ဘူးသီးတောင်မြို့နယ်ထဲက ကယ်ဆယ်ရေးစခန်းတခုမှာ ခိုလှုံနေရပါတယ်။

ကေခိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013