ဘရာဇီးနိုင်ငံ၊ ဆောင်ပေါ်လိုမြို့မှာ မတ် ၁၉ ရက်မွန်းလွဲပိုင်းက အမျိုးသားတယောက်ဟာ ၂ လသားအရွယ် ကလေးငယ်ရှိနေတဲ့ကားကို ခိုးယူမောင်းပြေးသွားခဲ့တာကြောင့် ကလေးငယ်ဟာ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ အမျိုးသမီးတယောက်ဟာ သူ့ရဲ့ ၇ နှစ်အရွယ် သမီးဖြစ်သူကို ကျောင်းအချိန်ပို သင်တန်းကို လာကြိုတာဖြစ်ပြီး ကားကို ခဏရပ်ပြီး အပြင်ထွက်လိုက်တဲ့ အချိန်စက္ကန့်ပိုင်းလောက်အကြာမှာပဲ အမျိုးသားတယောက်ဟာ ကားထဲကို ခုန်ဝင်သွားပြီး နောက်ခန်းမှာ ကလေးငယ်ရှိနေတာကို သိသိကြီးနဲ့ မောင်းပြေးသွားခဲ့ပါတယ်။
ကလေးမိခင်နဲ့ သင်တန်းကျောင်းက ဝန်ထမ်းတွေဟာ ကားနောက်ကို ချက်ချင်း လိုက်လံဖမ်းဆီးခဲ့သလို ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားတဲ့နေရာကနေ ၂ ဒသမ ၇ ကီလိုမီတာလောက်အကွာမှာ အခိုးခံရတဲ့ကားကို ရှာဖွေတွေ့ရှိခဲ့ပြီး ကလေးငယ်ဟာ ကားထဲမှာပဲ ရှိနေပါသေးတယ်။
ကလေးငယ်ကိုတော့ ဘာဒဏ်ရာမှမရဘဲ ရဲတွေက ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
စစ်ဘက်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သံသယရှိသူဟာ သူ့ကို လိုက်ဖမ်းနေတယ်ဆိုတာ သိသွားတဲ့အခါ ကားကိုပစ်ထားခဲ့ပြီး ခြေကျင်ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အနားမှာရှိနေတဲ့ လူတွေက ဝိုင်းဝန်း တားဆီးပေးခဲ့ကြလို့ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ရဲတွေရောက်လာချိန်အထိ ထိန်းသိမ်းခဲ့ကြတာပါ။
ကလေးမိခင်ကတော့ သူ့ရဲ့ကလေးကို အမြန်ဆုံးပြန်တွေ့အောင် ကူညီပေးခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ကို ဒေသခံမီဒီယာတွေကတဆင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters










