DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် နိုင်ငံအားလုံး ဆိုက်ရောက်ဗီဇာနှင့် e-visa ထုတ်ပေးမှု ဧပြီလကုန်ထိ ရပ်ဆိုင်း
DVB
·
March 21, 2020
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် နိုင်ငံအားလုံး ဆိုက်ရောက်ဗီဇာနှင့် e-visa ထုတ်ပေးမှု ဧပြီလကုန်ထိ ရပ်ဆိုင်း
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မြန်မာအစိုးရက နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရွန်းနစ် ဗီဇာအားလုံး ထုတ်ပေးတာကို မတ် ၂၀ ရက်နေ့ကစပြီး ဧပြီလကုန်အထိ ယာယီရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ကိုရိုနာရောဂါထိန်းချုပ်နိုင်ဖို့ ထိပ်တိုးအစီအမံအဖြစ် အမေရိကန်၊ ဆွစ်ဇလန်၊ဗြိတိန်၊ နယ်သာလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာ ပြီးခဲ့တဲ့ ၂ ပတ်လောက်က နေခဲ့သူတွနဲ့ သွားခဲ့တဲ့နိုင်ငံသားတွေ အပါအဝင် ခရီးသွားတွေအကုန်လုံး မြန်မာနိုင်ငံရောက်ချိန်ကစပြီး ၁၄ ရက် သီးသန့်နေရာတွေမှာ စောင့်ကြည့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို သီးသန့်စောင့်ကြည့်ရာမှာ အများပိုင်အဆောက်အအုံတွေ ဒါမှမဟုတ် ပြည်သူ့ဆေးရုံတွေမှာ ထားရှိမှာ ဖြစ်ပါတယ်။

နေအိမ် ဒါမှမဟုတ် ဟိုတယ်မှာ ၁၄ ရက် သီးသန့်နေထိုင်ရမယ့်သူတွေကတော့ သံတမန်တွေနဲ့ ကုလအဖွဲ့အစည်းဝင် ဝန်ထမ်းတွေဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ ကျန်မာရေးအဖွဲ့တွေက ထုတ်ပေးတဲ့ ထောက်ခံစာပါရမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါဟာ ကမ္ဘာကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကြေညာပြီးနောက် သက်ဆိုင်ရာအစိုးရတွေအနေနဲ့ တုံ့ပြန်အရေးယူတာကို အရှိန်အဟုန်မြှင့်တင်ဖို့ တိုက်တွန်းချက်အရ ဒီရောဂါ မြန်မာပြည်သူတွေအပေါ် မကူးစက်စေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တာလို့  မြန်မာအစိုးရက ဆိုထားပါတယ်။

မြန်မာအစိုးရအနေနဲ့ မတ် ၁၅ ရက်ကစလို့  တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ကိုရီးယားသမ္မတနိုင်ငံ ဒယ်ဂူးနဲ့ ဂျော်ဘွတ်ပြည်နယ်ကို လွန်ခဲ့တဲ့ ၂ ပတ်က သွားရောက်ခဲ့သူ နိုင်ငံခြားသားတွေကို နိုင်ငံတွင်း ဝင်ခွင့်မပြုတော့တာပါ။

ဒါပေမဲ့ အဲဒီနိုင်ငံကိုသွားခဲ့တဲ့ နိုင်ငံသားတွေနဲ့ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတွေကို သွားရောက်ခဲ့တဲ့သူတွေကို မြန်မာနိုင်ငံကို ရောက်ပြီးချိန်ကစပြီး သီးသန့်နေရာတွေမှာ ၁၄ ရက် ထားရှိ စောင့်ကြည့်မယ်လို့ မတ်လလယ်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ  ၂၇၆၀၀၇ ဦး၊ သေဆုံးသူ ၁၁၄၀၁ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၉၁၉၅၂ ဦးရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးဘဲ မတ် ၂၀ ရက်အထိ စောင့်ကြည့်လူနာ ၁၂ ဦးအား သက်ဆိုင်ရာ ဆေးရုံတွေမှာ ကြည့်ရှုကုသပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက်ကနေ မတ် ၂၀ ရက်အထိ စောင့်ကြည့်လူနာတွေထဲက အခြားရောဂါတွေကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013