
ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းက တွန့်ဘလိန်းမြို့မှာ လူ ၁၁ ယောက် သေဆုံးခဲ့တဲ့ လေယာဉ်အသေးစား ပျက်ကျမှု ဖြစ်ပွားခဲ့လို့ တမြို့လုံး “စိတ်မကောင်းဖြစ် ကြေကွဲဝမ်းနည်းနေရတယ်” လို့ မြို့တော်ဝန်က ဇွန် ၂၉ ရက်မှာ ပြောပါတယ်။
နန်စီ-အေဆေ လေဆိပ်ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာတင် လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး လေသူရဲတယောက်နဲ့ လေထီးခုန်သမား ၁၀ ယောက် အပါအဝင် စုစုပေါင်း ၁၁ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ မိန်းကလေးတယောက်ရဲ့ အသက် ၂၀ ပြည့် မွေးနေ့လက်ဆောင်အဖြစ် လေထီးခုန်ဖို့ လက်ဆောင်ပေးခဲ့တဲ့ မိဘနှစ်ပါးရဲ့ သမီးဖြစ်သူ ပါဝင်သလို ဇနီးဖြစ်သူကို ပထမဆုံးအကြိမ် လေထီးခုန်နိုင်အောင် လက်ဆောင်ပေးခဲ့တဲ့ အမျိုးသားတယောက်လည်း ပါဝင်ပြီး သူတို့အားလုံး စိတ်ထိခိုက်နေကြပါတယ်။
တွန့်ဘလိန်းမြို့ရဲ့ မြို့တော်ဝန် အဲဗေး ဖှေးရွန်းက ဝမ်းနည်းခြင်းမှတ်တမ်းစာအုပ်ကို တွန့်ဘလိန်း မြို့တော်ခန်းမမှာ ဖွင့်လှစ်ထားသလို ဂရိတ်တား နန်စီ မက်ထရိုပိုလိစ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ နန်စီမြို့ရဲ့ မြို့တော်ဝန်လည်း ဖြစ်သူက နန်စီမြို့တော်ခန်းမမှာ နောက်ထပ်မှတ်တမ်းစာအုပ်တအုပ် ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း ပြသတဲ့အနေနဲ့ မြို့တွင်းက အလံအားလုံးကို ၃ ရက်တိုင်တိုင် တိုင်တဝက် လွှင့်ထူထားဖို့ ဝန်ထမ်းတွေကို ညွှန်ကြားသွားမယ်လို့ ဖှေးရွန်းက ပြောပါတယ်။
မြို့တော်ဝန်က သူဟာ လေဆိပ်စီမံခန့်ခွဲမှုအပိုင်းမှာ မဆင်မခြင်လုပ်ရပ်မျိုးကို လုံးဝခွင့်လွှတ်မှာ မဟုတ်ကြောင်း၊ လေဆိပ်ကို တာဝန်ရှိသူတွေက သေချာစနစ်တကျ ကိုင်တွယ်နေတာဖြစ်ပြီး လေသူရဲတယောက် အနေနဲ့ ခွင့်ပြုချက်မရှိတဲ့ အမြင့်ကနေ မြို့ပေါ်ကို ပျံသန်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလို ပျံသန်းခဲ့ရင်လည်း ချက်ချင်း အရေးယူခံရမှာဖြစ်ကြောင်း ပြောပါတယ်။
သူတို့အနေနဲ့ လေဆိပ်နဲ့ တိုက်ရိုက်အဆက်အသွယ်ရှိပြီး လေဆိပ်ရော၊ သူကောင်းကောင်းသိတဲ့ လေထီးခုန်ကုမ္ပဏီပါ လုပ်ငန်းခွင်ကျွမ်းကျင်မှု အဆင့်အတန်း အမြင့်မားဆုံး ရှိတယ်ဆိုတာ အာမခံနိုင်ကြောင်းလည်း ဆိုပါတယ်။
အခုဖြစ်စဉ်က လေသူရဲ ကျန်းမာရေးချို့ယွင်းမှုလား၊ ဒါမှမဟုတ် စက်ချို့ယွင်းမှုကြောင့်လား ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေကနေ အဖြေထွက်လာမှာ ဖြစ်ပါတယ်။
Source: Reuters











