DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကယားရိုးရာတံခွန်တိုင်ပွဲတော် အကျဉ်းချုံးသာပြုလုပ်မည်
DVB
·
March 16, 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကယားရိုးရာတံခွန်တိုင်ပွဲတော် အကျဉ်းချုံးသာပြုလုပ်မည်
Donate to DVB

ကိုရိုနာဗိုင်းရပ်နဲ့ပတ်သက်ပြီး ၆၂ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ကျင်းပတော့မှာမဟုတ်ဘဲ ရိုးရာအရ အကျဉ်းချုံးသာ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရေးကော်မတီက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ 

စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော်ကို မတ်လ ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပြုလုပ်ဖို့ စီစဉ်ထားပေမဲ့ ကမ္ဘာတဝန်း အလျင်မြန် ကူးစက်ပျံ့နှံ့နေတဲ့ ကပ်ရောဂါဆိုးဖြစ်ခြင်းမှ ကင်းဝေးစေရေး ကြိုတင်တားဆီးတဲ့အနေနဲ့ ကျင်းပတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ခူးမီရယ်က  “ကျနော်တို့ တံခွန်တိုင်နဲ့ပတ်သက်ပြီးတော့မှ အရင်ကျတော်တို့ ပုံမှန် နှစ်စဉ်နှစ်တိုင်းလုပ်သွားမယ်ဆိုပြီးတော့မှ ၉၀ ရာခိုင်နှုန်း ရာထားပြီးပြီ၊ လုပ်ထားပြီးပြီ။ ဒါပေမယ့် သမ္မတကနေ ထုတ်ပြန်ပန်ကြားလိုက်တဲ့ တရုတ်ကနေဖြစ်ပွားတဲ့ ရောဂါကြောင့်မို့လို့ ကျနော်တို့ပြန်သုံးသပ်ပြီးတော့မှ အခမ်းအနားတွေရော၊ ဆိုင်ခန်းတွေရာ အဲဒါအကုန်လုံးပြန်လျော့ချလိုက်တယ်”လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လူစုလူဝေးများပြာရာ နေရာတွေမှာ လျင်မြန်စွာ ကူးစက်နိုင်တဲ့အတွက် လူစုလူဝေးနဲ့ ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်အပေါ်မူတည်ပြီး စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော်မှာ ပုံမှန်ထည့်သွင်း ကျင်းပမြဲဖြစ်တဲ့ လူထုအကြိုတွေ့ဆုံပွဲ၊ လူထုအခမ်းအနား၊ ရိုးရာယဉ်ကျေးမှုအကပဒေသာ၊ အီလူးဗျာကျယ်နဲ့ ကျေးရွာကိုယ်စားလှဘ်များ နှစ်ပတ်လည်အစည်းအဝေး၊ မော်မိုးကော်မတီ အစည်းအဝေး၊ ဈေးဆိုင်များ ခင်းကျင်းရောင်းချတာနဲ့ အားကစားပြိုင်ပွဲတွေ ထည့်သွင်းကျင်းပ ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

ဒီလိုလူစည်ကားနိုင်တဲ့ ပွဲတွေကို ကျင်းပမှုမပြုပေမယ့် ရိုးရားကေ့ထျိုးဘိုး(တံခွန်တိုင်) ခုတ်ယူတာ၊ ကေ့ထျိုးဘိုးတိုင်တော်သယ်ယူတာနဲ့ စိုက်ထူပူဇော်တာတွေကို ရိုးရာအစဉ်အလာနဲ့ အညီ အကျဉ်းချုံး ကျင်းပမယ်လို့ ဆိုပါတယ်။

ကေ့ထျိုးဘိုးတိုင်တော်ကို မတ် ၂၄ ရက်နေ့ ခုတ်မှာဖြစ်ပြီး ပြင်ဆင်စရာတွေ လုပ်ဆောင်ပြီး ၂၈ ရက်နေ့မှာ တိုင်တော်ကို စိုက်ထူသွားမယ်လို့လည်း ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ခူးမီရယ်က ပြောပါတယ်။ 

ကေ့ထျိုးဘိုး တံခွန်တိုင်ပွဲတော်ကို ကယား၊ ကယန်း၊ ယင်းတလဲ စတဲ့ တိုင်းရင်းသားလူမျိုး တွေက ရှေးဘိုးဘွားဘီဘင်လက်ထက်ကနေ ခေတ်အဆက်ဆက် ထိန်းသိမ်းကျင်းပလာခဲ့တဲ့ ပွဲတော်ဖြစ်ပြီး နှစ်စဉ်တန်ခူးလဆန်း ၁ ရက်ကနေ ၅ ရက်အထိ ကျင်းပလေ့ရှိကြပါတယ်။

တံခွန်တိုင်ပွဲတော်ကို မိုးလေဝသမှန်ကန်စေဖို့၊ ဆန်ရေစပါးနဲ့ ကောက်ပဲသီးနှံ ဖြစ်ထွန်း အောင်မြင်စေဖို့၊ သဘောဝဘေးအန္တရာယ်နဲ့ ရောဂါဘယ ကင်းဝေးစေဖို့၊ တိုင်းပြည်အေးချမ်း သာယာပြီး ကမ္ဘာသူ/သားများ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆၁ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း ကေ့ထျိုးဘိုး(ခ) တံခွန်တိုင် ပွဲတော်ကီု ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်းကျေးရွာ ဧပြီ ၅ ရက်ကနေ ၉ ရက်အထိ ၅ ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013