DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲ ပိတ်သိမ်းလိုက်သဖြင့် စျေးသည် ၁၀၀၀ ကျော် အခက်အခဲကြုံတွေ့
DVB
·
March 14, 2020
မန်းရွှေစက်တော်ဘုရားပွဲ ပိတ်သိမ်းလိုက်သဖြင့် စျေးသည် ၁၀၀၀ ကျော် အခက်အခဲကြုံတွေ့
1 / 2
Donate to DVB

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်တွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်သိမ်းလိုက်တဲ့အတွက် စျေးသည် ၁၀၀၀ ကျော်နဲ့ တည်ခိုဆောင်လုပ်ငန်းရှင်တွေ အခက်အခဲကြုံတွေ့နေရပြီး ဆုံးရှုံးနစ်နာမှုတွေအတွက် အဆင့်ဆင့်ညှိနှိုင်းပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အဆုံးဖြတ်နဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ဂေါပက အဖွဲ့က ပြောပါတယ်။

မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦဌေးဝင်းက "ဝန်ကြီးချုပ်အနေနဲ့ လမ်းဘေးစျေးသည်ကအစ အောက်ခြေဝန်ထမ်းထိ အလုပ်ကိုင်အခွင့်လမ်းနဲ့ စားဝတ်နေရေးကို ပြန်ကြည့်ပါတယ်။စျေးသည်တွေ လုပ်ငန်းရှင်တွေရဲ့ အခက်ခဲကို အားလုံးနားလည်သလို စိတ်ခံစားချက်တွေကို အားလုံးရဲ့ ကျန်းမာရေးနဲ့ လဲလိုက်ရတာလို နားလည်စေချင်ပါတယ်။ စျေးသည်တွေ၊ တည်းခိုဆောင်လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုချက်တွေကို အဆင့်ဆင့်ညှိနှိုင်းပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အဆုံးဖြတ်နဲ့ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးမှာပါ" လို့ ပြောပါတယ်။



မန်းရွှေစက်တော်၊စျေးကော်မတီ ဥက္ကဋ္ဌ ဦးအေးကိုက "စျေးသည်တွေရဲ့ နစ်နာမှုကို ပြန်ပေးခဲ့ရင်တောင် ဆိုင်ခန်းမြေနေရာခ တချို့တဝက်သာပြန်လည်ရရှိနိုင်ပြီး အဆောက်အဦခ၊ ကုန်ပစ္စည်းရင်းနှီးထားတာတွေက ဆုံးရှုံးမှာဖြစ်တယ်။ ဒီပွဲတော်ကို မှီခိုစားသောက်နေတဲ့ ခေါင်းရွက်ဗျပ်ထိုးသည်တွေဆိုရင်လည်း စားဝတ်နေရေး အခက်ခဲဖြစ်နေပါပြီ။ ပွဲတော်ရက်က ဆယ်တန်းစာမေးပွဲ အပြီးနောက်ပိုင်းရက်မှ ပိုစည်ကားတာပါ။ တချို့စျေးသည်တွေဆိုရင် ရန်ကုန်၊ မန္တလေးဘက်က အကြွေးယူပြီး သိန်းထောင်ချီ ရင်းရတာရှိသလို သူ့အတိုင်းအတာနဲ့ သူ ရင်းနှီးမြှုပ်နှံထားကြတာပါ။ ခုလိုပိတ်သိမ်းတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ကို တောင်းဆိုမှုတွေ ပြုလုပ်ထားပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။‌

နမ္မဒါ ၂ တည်းခိုဆောင်လုပ်ငန်းရှင် ဦးကျော်ကျော်နိုင်က တကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ကိုရိုနာကူးစက်မြန်ကပ်ရောဂါကြောင့် ပိတ်သိမ်းတာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ ဆုံးရှုံးမှုများတယ်လို့ ပြောပါတယ်။

“အခြေခံပညာ ၈ တန်းထိ စာမေးပွဲတွေပြီးလို့ ဘုရားဖူးဧည့်သည်တွေ လာတဲ့ ရက်ပိုင်းအတွင်း ပိတ်သိမ်းလိုက်တော့ အများကြီးနစ်နာပါတယ်။ အဆင့်မြင့် နမ္မဒါတည်းခိုဆောင်တခုကို သိန်း ၁၅၀၀ ကျပ်လောက်ရင်းနှီးမြှုပ်နှံရပြီးတော့ သိန်း ၅၀၀ ခန့် ဆုံးရှုံးနိုင်တဲ့အပြင် ရိုးရိုးတည်ခိုဆောင်တွေအနေနဲ့ သိန်း ၃၀ ကျပ်ခန့် ဆုံးရှုံးနိုင်ပါတယ်။ လေလံစျေးနှုန်းထက် အဆောက်ဦဆောက်ခနဲ့ တခြားဝန်ဆောင်မှုစရိတ်တွေကပို ပြီးတော့ဆုံးရှုံးတာပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တည်းခိုဆောင်လုပ်ငန်ရှင်တွေဘက်က လေလံကြေး ၇၅ ရာခိုင်နှုန်း ပြန်ပေးဖို့ တောင်းဆိုထားတယ်” လို့ ပြောပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်မှာ စျေးသည် ၁၀၀၀ ကျော်နဲ့ တည်းခိုဆောင်လုပ်ငန်းရှင် ၁၄၀ ဦးလောက် မှီခိုလုပ်ကိုင်နေကြတာဖြစ်ပြီး မတ် ၁၃ ရက်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ၂ ဦးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ပိတ်သိမ်းခဲ့ကြတာပါ။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013