DVB Logo
Home
မြန်မာသတင်း
လက်တွန်းထွန်စက်ကုမ္ပဏီနှင့် သပိတ်မှောက်အလုပ်သမားများ ပြေလည်မှုရ 
DVB
·
March 14, 2020
လက်တွန်းထွန်စက်ကုမ္ပဏီနှင့် သပိတ်မှောက်အလုပ်သမားများ ပြေလည်မှုရ 
Donate to DVB

အလုပ်သမားအခွင့်အရေးရဖို့ ၁၁ ရက်ကြာ သပိတ်မှောက်နေတဲ့ Good Brother ကုမ္ပဏီပိုင် မန္တလာလက်တွန်းထွန်စက် စက်ရုံအလုပ်သမားတွေနဲ့ ကုမ္ပဏီတို့ကြား မတ်လ ၁၃ ရက်က တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရခဲ့ပါတယ်။

ဒီစက်ရုံဟာ မန္တလေးမြို့ စက်မှုဇုန် ၁၊ ဖိုးရာဇာလမ်းနဲ့ ကနောင်လမ်းကြား ၆၅ လမ်းမှာ ရှိတာဖြစ်ပြီး အလုပ်သမား ၁၄၉ ယောက်ရှိတဲ့အထဲက အလုပ်သမား ၆၅ ယောက်သာ သပိတ်မှောက်တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

အလုပ်သမားတွေဘက်က အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ညှိနှိုင်းမပေးတာကြောင့် ဖေဖော်ဝါရီ ၂၉ ရက်က စလို့ လုပ်ငန်းခွင်မှာ အလုပ်မလုပ်ဘဲ သပိတ်မှောက်ခဲ့ကြတာလို့ ဦးဆောင်သူ အဆိုပါစက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ဇင်ဝင်းက  ပြောပါတယ်။

“စဖြစ်တာတော့ ပြီးခဲ့တဲ့လ ၂၉ ရက်နေ့ကမှ ဖြစ်တာ။ ကျနော်တို့ စလစ်ကို လက်မှတ်ထိုးပြီး ယူခိုင်းတယ်၊ နောက် ဖြတ်တောက်တာတွေ လုပ်တယ်၊ လုပ်တဲ့အခါမှာ အလုပ်ရှင်၊ အလုပ်သမား သဘောမတူဘဲနဲ့ သူ့ဟာသူ ဖြတ်တောက်ကြတယ်။ အဲဒီကိစ္စမျိုးနဲ့ ကျနော်တို့ အလုပ်ထဲမှာ ညှိဖို့ဆိုတဲ့ပုံစံမျိုးနဲ့ စောင့်တယ်၊ ဒါပေမဲ့ ညှိခွင့်လုံးဝမပေးဘူး။ နောက် ကျ‌နော်တို့ စာတင်ပြီးတော့ အကြောင်းကြားတယ်။ သူတို့ဆီက တိကျတဲ့အဖြေ ထွက်မလာတော့ ဒီမှာရှိတဲ့ အလုပ်သမားတွေက တိကျတဲ့အဖြေ လိုချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ကို ပြောတယ်။ ပြောတဲ့အခါ နောက်တကြိမ် ကျနော်တို့ စာထပ်တင်တယ်၊ တင်တော့လည်း ညှိခွင့်မပေးခဲ့ဘူး၊ အလုပ်မအားလို့ဆိုတဲ့ ပုံစံမျိုးနဲ့။”

စာမေးပွဲကာလလည် းဖြစ်တဲ့အတွက် အလုပ်သမားသပိတ် ဖြစ်ဖို့ကို အားမပေးပေမယ့် စက်ရုံတာဝန်ရှိသူတွေက ပြေလည်အောင် ညှိနှိုင်းမပေးတာကြောင့် အလုပ်သမားတွေရဲ့ ဆန္ဒအရ ဝင်ရောက်ညှိနှိုင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်၊ လက်ထောက်အတွင်းရေးမှူး-၂ ဒေါ်အိအိထွန်းက  ပြောပါတယ်။

“အစောပိုင်းကလည်း စက်ရုံဘက်က စီစဉ်ပေးဖို့ရှိတာကိုပဲ ပြောတာ၊ အလုပ်သမားတွေကိုကလည်း သူတို့က ချမပြခဲ့ဘူး၊ အစောပိုင်းတုန်းက သူတို့က ချက်ချင်း ညှိခဲ့မယ်ဆိုရင် ဒါ ပြေလည်မယ့်အချက်တွေကြီးပဲ၊ အရမ်းကြီး ကြီးကြီးမားမားမရှိဘူ။ ဒါကိုမှ အလုပ်သမားတွေကို သေသေချာချာ အရေးတယူ မလုပ်ဘဲနဲ့ မညှိဘဲနဲ့ အဲဒီလိုမျိုးတွေ ဖြစ်သွားတော့ အလုပ်သမားတွေကလည်း ဒီလိုအခြေအနေ မရောက်ချင်ဘဲနဲ့ ရောက်သွားရတဲ့ အခြေအနေပေါ့။”

အလုပ်သမားတွေက အလုပ်သမားအဖွဲ့အစည်းအား အသိအမှတ်ပြုပေးရေး၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး၊ ရက်မှန်ကြေးတွေ ပြန်လည်ရရှိရေး၊ လေဝင်လေထွက် မကောင်းတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင်ပေးရေး၊ အလုပ်သမား ကိစ္စရပ်တွေကို အလေးထား ဆောင်ရွက်ပေးရေး၊ အဆောင်နေ ဝန်ထမ်းတွေအတွက် စားဝတ်နေရေး ကောင်းမွန်စွာ ဖြည့်ဆည်းပေးရေး၊ ကုန်ထုတ်တန်ဖိုး တိုးမြှင့်ရရှိရေး၊ အလုပ်သမားဦးရေအပေါ် မူတည်ပြီး ဆေးကောင်တာ ထားရှိပေးဖို့နဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ခွဲခြားဆက်ဆံတာ၊ အလုပ်သမားတွေကို ဖိနှိပ်စေခိုင်းတာ၊ အလုပ်သမားရဲ့ သဘောဆန္ဒမပါဘဲ ဌာနရွှေ့ပြောင်းတာ၊ အလုပ်သမားသမဂ္ဂကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းတာတွေမလုပ်ဖို့ စတဲ့အချက် ၁၂ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

အချက် ၁၂ ချက် တောင်းဆိုခဲ့ရာမှာ ရက်မှန်ကြေးကို အရင်အတိုင်း ပြန်ရဖို့၊ ကုန်ထုတ်တန်ဖိုး တိုးရဖို့ဆိုတဲ့ အချက် ၂ ချက်ကို ညှိနှိုင်းမရသေးဘဲ လာမယ့် တနင်္လာနေ့ကို ပြန်လည်ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

စက်ရုံမန်နေဂျာ ဦးခင်မောင်ရီက  “ကုမ္ပဏီအုပ်ချုပ်မှုပုံစံက one man control တော့ မဟုတ်ပါဘူး။ ကော်မတီလေးတွေ ဖွဲ့ထားပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါရိုက်တာအဖွဲ့က သူတို့သဘောနဲ့သူတို့ မဆုံးဖြတ်ဘူး။ ကျနော်တို့ရဲ့တင်ပြချက်တွေ အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေအပေါ် ဆုံးဖြတ်ကြတယ်။ တနင်္လာနေ့ကို ချိန်းထားပါတယ်။ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ အဆင်ပြေပါ့မယ် ဆိုတာတော့ ကတိပေးလို့တော့ မရသေးဘူး။ ဘာလို့ဆိုတော့ ကျနော်တို့မှာလည်း အခက်အခဲနဲ့ ပြဿနာတွေရှိပါတယ်” လို့ ပြောပါတယ်။

ပြေလည်မှုရခဲ့တဲ့ ဆွေးနွေးပွဲမှာ ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန၊ စက်ရုံအထွေထွေမန်နေဂျာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် MICS နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013