DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများကို မြို့မိမြို့ဖ ထောက်ခံမှုဖြင့် အရည်အသွေးရှိသူကို ရွေးချယ်မည်
DVB
·
March 9, 2020
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများကို မြို့မိမြို့ဖ ထောက်ခံမှုဖြင့် အရည်အသွေးရှိသူကို ရွေးချယ်မည်
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ မြို့မိမြို့ဖတွေရဲ့ ထောက်ခံမှုနဲ့ အရည်အသွေးရှိသူကို  ရွေးချယ်ပေးတဲ့မူတခုကို ချမှတ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ခေါင်းဆောင်တဦးက ပြောပါတယ်။

မတ်လ ၉ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးပါတီဝင်တွေ တွေ့ဆုံပွဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့် အခုလို ပြောတာပါ။

“အဲလိုရွေးချယ်တဲ့အခါမှာ ကိုယ်စားလှယ်လောင်းတွေအတွက်ကို ရွေးချယ်ဖို့ မြို့မိမြို့ဖ ရွေးချယ်ဖို့ဆိုတဲ့ မူတခုကိုချဖို့ ဖြစ်ပါတယ်။ မြို့မိမြို့ဖဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီမိုကရေစီခရီးကြမ်းကို ဖြတ်သန်းတဲ့နေရာမှာ အတူပါဝင်ခဲ့ကြ၊ အားပေးဝန်းရံခဲ့ကြပြီး အခုအခါမှာလည်း အဖွဲ့ချုပ်ကို ဝန်းရံတဲ့သူကို မြို့မိမြို့ဖလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့လို့ မြို့မိမြို့ဖတွေရဲ့ ထောက်ခံမှုနဲ့ အလုပ်အမှုဆောင်တွေက ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ မိမိတို့ရဲ့ မြို့နယ်အတွက် အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို အရည်အသွေးရှိသူတွေ၊ ကိုယ်စားလှယ်လောင်း ဖြစ်နိုင်တဲ့ မဲပေးလို့ ရနိုင်တဲ့သူတွေကို သေသေချာချာ ရွေးချယ်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်။”

မကြာခင်မှာ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တော့မှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း မိမိတို့မြို့နယ်အတွက် အကျိုးဆောင်နိုင်ဖို့နဲ့ မိမိတို့ရဲ့ ကိုယ်စားပြုထားတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်လို့လည်း ဆိုပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ၊ အတားအဆီးတွေကို တွန်းလှန်ပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အမှားမခံဖို့ အရေးကြီးတယ်လို့လည်း ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်။

“ဒီမိုကရေစီ ဖက်ဒရယ်အားထုတ်နေတဲ့အချိန် ဖြစ်တဲ့အတွက် ဘယ်လို အခက်အခဲတွေပဲ ရှိရှိ၊ ဘယ်လို အတားအဆီးတွေပဲ ရှိရှိ၊ ဘယ်လို ပိတ်ဆို့မှုတွေ ကြီးမားပါစေ တွန်းလှန်ပြီးတော့ ဆောင်ရွက်ရမယ်ဆိုတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီအခြေနေမျိုးမှာ ကျမတို့အနေနဲ့ နောက်တကြိမ် အမှားမခံရဖို့ တစ်ကနေ ပြန်မစရဖို့က ပထမအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူ့ပါတီ NLD ဆိုတဲ့စကားအတိုင်း ပြည်သူတွေအတွက် ဒီမိုကရေစီအခြေအခိုင်အမာ တည်ဆောက်ဖို့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ပေးနိုင်ဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ဖို့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူတွေအတွက် အလုပ်အကျွေး ဆောင်ရွက်ခွင့်ရရှိဖို့အတွက် ကြိုးစားကြပါစို့”လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲ ပြည်သူ့အတွက် အလုပ်လုပ်ပေးလို့ မရတာကြောင့် ပြည်သူတွေရဲ့ ထောက်ခံမှုကို စဉ်ဆက်မပြတ်ရဖို့လိုတဲ့အတွက် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ပါတီအမှုဆောင်တွေဟာ ပြည်သူတွေအပေါ် တာဝန်ကျေပွန်ဖို့၊ ပြည်သူတွေထံမှာကျိုးနွံ့ဖို့ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဆိုတဲ့အချက်ကို အမြဲတမ်း နှလုံးသွင်းထားဖို့လည်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013