DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ကို ဖုန်းဖြင့် ခိုးရိုက်၊ အွန်လိုင်းပေါ်ပြန်တင်ခြင်း မလုပ်ရန် စိုင်းစိုင်းခမ်းလှိုင် ပန်ကြား
DVB
·
March 9, 2020
ရုပ်ရှင်ကို ဖုန်းဖြင့် ခိုးရိုက်၊ အွန်လိုင်းပေါ်ပြန်တင်ခြင်း မလုပ်ရန် စိုင်းစိုင်းခမ်းလှိုင် ပန်ကြား
Donate to DVB

လတ်တလော ရုံတင်ပြသနေတဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး အဲဒီကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေကို ရုပ်ရှင်ရုံထဲ ဖုန်းနဲ့ ခိုးရိုက်တာတွေ၊ လိုင်းပေါ် ပြန်တင်တာတွေ မလုပ်ကြဖို့ ပန်ကြားလိုက်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်ကတဆင့် ရေးသားတောင်းပန်ခဲ့တာပါ။

“ရုပ်ရှင်ရုံထဲမှာ ဖုန်းနဲ့ခိုးရိုက်တာတွေ လိုင်းပေါ်ပြန်တင်တာတွေဟာ ကျနော်တို့ကို ချစ်ရာမရောက်ဘဲ ဒုက္ခပေးရာရောက်တာဖြစ်ပါတယ်။ ကျနော်တို့ကို အားပေးချစ်ခင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့မရိုက်ပါနဲ့။ Story မတင်ပါနဲ့။ လိုင်းပေါ်မတင်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ လေးစားလျက် Sai Sai Kham Leng”

လက်ရှိ ရုံတင်နေတဲ့ ပိတောက်ကတဲ့ ဂီတရုပ်ရှင်ကားကိုတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production ကနေ တင်ဆက်လိုက်တာဖြစ်ပြီး နေနော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ မီးပွားက ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

သင်္ကြန်ရာသီအမီ အပြင်အဆင်၊ အခင်းအကျင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားဟာ ဂီတကို အခြေခံထားတဲ့ အချစ်ဒရာမာဇာတ်ကားတကားဖြစ်ပြီး ဒီကားထဲမှာတော့ အဂ္ဂါစိုင်း၊ ပိုးမဒီ စတဲ့ အဓိကဇာတ်ဆောင်တွေရဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့အတူ ဂီတဒရာမာအချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ မျက်နှာသစ်သရုပ်ဆောင် ပိုးမမှီသာတို့နဲ့အတူ တခြား ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်သူ၊ ဇင်ဝိုင်း၊ ချိုပြုံး၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ အေးမြတ်သူ စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။

စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာ ပြီးခဲ့တဲ့ ရုပ်ရှင်၊ ဂီတအနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ရဲ့ နှလုံးသားကို သိမ်း ပိုက်ထားနိုင်သူ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စ တင်ဝင်ရောက်ခဲ့သူ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ ချော ကလက်ရောင် ရေခဲအိပ်မက် တေးစီးရီးနဲ့ စတင်လူသိများလာခဲ့တာပါ။

အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်းများစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။

စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်းနီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ်စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။

လတ်တလောမှာတော့ သင်္ကြန်အငွေ့အသက်နဲ့ ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ထပ်ပြီးတော့ ရှုစားကြရမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013