DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသည့်နေရာမှ လာသူများကို အသွားအလာ ကန့်သတ်မည်
DVB
·
March 7, 2020
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသည့်နေရာမှ လာသူများကို အသွားအလာ ကန့်သတ်မည်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားရာ နေရာဒေသတွေက ရောက်လာသူအားလုံးကို လိုအပ်ရင် အသွားအလာကန့်သတ်ပြီး သတ်မှတ်နေရာမှာ ၁၄ ရက်ကြာ ထားသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ပြောပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် အကြိမ် ၃၀ မြောက်အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါဖြစ်ပွားသူ တယောက်မှ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတချို့မှာ ရောဂါဖြစ်ပွားရာ နေရာဒေသတွေက ရောက်လာသူအားလုံးကို အသွားအလာ ကန့်သတ်ပြီး သတ်မှတ်နေရာမှာ ၁၄ ရက်တာ ကာလအထိ ထားတာ(quarantine) ကို လုပ်နေတာ တွေ့ရလို့ ဒီမှာလည်း လိုအပ်ရင် လုပ်သွားမယ်လို့ ပြောပါတယ်။

ရောဂါဖြစ်ပွားသူနဲ့ အနီးအပါးထိတွေ့ခဲ့သူ၊ ရောဂါဖြစ်ပွား သေဆုံးတာ များပြားတဲ့ နေရာဒေသက လာရောက်သူတွေအနေနဲ့ ပုန်းအောင်းမနေသင့်ဘဲ အနီးဆုံးကျန်းမာရေးဌာနကို အကြောင်းကြားပြီး အသွားအလာ ကန့်သတ်ကာ ရောဂါဖြစ်ပွားတာ စောင့်ကြပ်ကြည့်ပြတာ(quarantine) ခံယူကြရမယ်လို့ ပြောပါတယ်။

အိမ်မှာ အသွားအလာကန့်သတ်ပြီး နေထိုင်စေတာ(home quarantine)မှာ လိုက်နာရမယ့် အချက်တွေကို စနစ်တကျလုပ်ဖို့ အရေးကြီးတာကြောင့် ပြည်သူတွေသိဖို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားမယ်လို့လည်း ပြောပါတယ်။

အခုအချိန်မှာ တိုင်းနဲ့ပြည်နယ်တချို့မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ဆိုင်းငံ့တာ၊ မပြုလုပ်တာတွေ တွေ့ရလို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် အထောက်အကူ အများကြီးဖြစ်ပြီး မဖြစ်မနေကျင်းပရမယ်ဆိုရင်လည်း ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အချက်တွေကို ပွဲမစခင် ၅ မိနစ်လောက် အချိန်ယူပြောနိုင်ဖို့အတွက် အချက်အလက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက အမြန်ဆုံးဖြန့်ဝေပေးမယ်လို့လည်း ပြောပါတယ်။

အခုအချိန်အထိ တွေ့ရှိချက်တွေအရ COVID-19 ရောဂါဖြစ်ပွားသူတွေရဲ့ ၈၈ ရာခိုင်နှုန်းဟာ ကိုယ်ပူချိန်မြင့်တာ၊ ၆၈ ရာခိုင်နှုန်းဟာ ချောင်းခြောက်ဆိုးတာ၊ ၃၈ ရာခိုင်နှုန်းဟာ ကိုယ်လက် မအီမသာ အားလျော့တာ၊ ၃၃ ရာခိုင်နှုန်းဟာ သလိပ်ပါချောင်းဆိုးတာ၊ ၁၉ ရာခိုင်နှုန်းဟာ အသက်ရှူ မဝတာနဲ့ ၁၄ ရာခိုင်နှုန်းကတော့ လည်ချောင်းနာတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

COVID-19 ရောဂါဖြစ်ပွားပြီး သေဆုံးနှုန်းဟာ တဖြည်းဖြည်းမြင့်တက်လာနေပြီး အခုအခါ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေသလို ရောဂါအခံရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေဟာ ရောဂါပြင်းပြင်းထန်ထန်ခံစားရပြီး သေဆုံးနိုင်တာကြောင့် သံသယလက္ခဏာတွေ ဖြစ်ရင် ဆေးရုံကို ချက်ချင်းလာဖို့အတွက်လည်း ပြည်သူတွေကို ဆက်ပြီး အသိပေးရမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ကမ္ဘာ့ဘဏ်၊ International Monetary Fund နဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အရေးပေါ်ကိစ္စရပ်တွေ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေတွေ ပေးဖို့ စီစဉ်နေတာကြောင့် မြန်မာနိုင်ငံအတွက်လည်းရဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတဆင့် ချက်ချင်းအကြောင်းကြား ညှိနှိုင်း ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

မနေ့ညအထိ နောက်ဆုံးထုတ်ပြန်ချက်အရ မနေ့မနက်ပိုင်းက မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ကုသပေးနေတဲ့ အသက် ၆၈ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီး တယောက်သေဆုံးခဲ့ပြီး ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး မရှိဘူးလို့ ဆိုပါတယ်။

ပြီးတော့ ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံက အသက် ၂၈ နှစ်အရွယ် အမျိုးသား၊ မူဆယ်ပြည်သူ့ ဆေးရုံက အသက် ၂၇ နှစ်အရွယ် အမျိုးသမီးနဲ့ နေပြည်တော်၊ ခုတင် ၁,၀၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးက အသက် ၃၅ နှစ်အရွယ် အမျိုးသားတို့မှာလည်း ရောဂါပိုးမတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီရောဂါဟာ ရောဂါပျိုးချိန် ၂ ရက်ကနေ ၁၄ အထိကြာနိုင်ပြီး ရောဂါလက္ခဏာတွေမပြသေးပေမယ့် တခြားသူတွေကို ကူးစက်နိုင်တာကြောင့် သံသယလက္ခဏာရှိသူတွေကိုတွေ့ခဲ့ရင် ပြည်သူတွေအနေနဲ့ အနီးဆုံး ကျန်းမာရေးဌာနတွေကို အကြောင်းကြားကြဖို့လည်း ထပ်ပြီး တိုက်တွန်းနှိုးဆော်ထားပါတယ်။

Photo : Ministry of Health and Sports, Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013