ရန်ကုန် ၃၇ လမ်း မီးလောင်မှု ဝါယာရှော့ကြောင့်ဟု မီးသတ်ပြော
DVB
·
March 6, 2020
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း ၊ အောက်ဘလောက်မှာ မတ်လ ၅ ရက်နေ့ ၊ ညနေ ၆ နာရီခွဲလောက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်ခဲ့မှုဟာ ဝါယာရှော့ကြောင့်ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
၃၇လမ်း ၊ အောက်ဘလောက်မှာရှိတဲ့ သုံးထပ်တိုက်တလုံးရဲ့အပေါ်ထပ် ဆရာကျော်ကြီး အဝေးသင်စီးပွားရေးဘာသာရပ်စာသင်ခန်းမှာ ရုတ်တရက်မီးပျက်သွားတာကြောင့် မီးစက်ဖွင့်ရာက ဝါယာရှော့ဖြစ်ပွားကာ မီးလောင်တာလို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းကပြောပါတယ်။
မီးသတ်ဦးစီးဌာနအနေနဲ့ Level 2 သတ်မှတ်ကာ မီးသတ်ကား ၂၅ စီး ၊ မီးသတ်ဝန်ထမ်း အင်အား ၅၀ ဦးခန့် အသုံးပြုကာ မီးငြှိမ်းသတ်ခဲ့ရာမှာ ညပိုင်း ၇ နာရီ ၁၅ မိနစ် မှာ မီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ၊ လူတွေထိခိုက် သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
နန့်ခိုင်