DVB Logo
Home
မြန်မာသတင်း
ကသာ- ဗန်းမော် မီးရထားလမ်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်
DVB
·
March 5, 2020
ကသာ- ဗန်းမော် မီးရထားလမ်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဆက်သွယ်ပေးမယ့် ကသာ-ဗန်းမော် မီးရထားလမ်းစီမံကိန်းကို မဖျက်သိမ်းဘဲ ဆက်လက်အကောင်အထည်ဖော်မယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်/လမ်းပန်း ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။

ဒီစီမံကိန်းဟာ စစ်အစိုးရလက်ထက် ၂၀၀၇-၀၈ ဘဏ္ဍာနှစ်မှာ စတင်ခဲ့တာပါ။  စီမံကိန်းအပြည့်အဝ မပြီးသေးခင် အရင်ဆောက်လုပ်ခဲ့တဲ့ ရထားလမ်း၊ ဘူတာတွေက ကောင်းကောင်းမွန်မွန် အသုံးမပြုရသေးခင် ယိုယွင်းပျက်စီးလာတာကြောင့် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မှာလား ဒါမှမဟုတ် ဖျက်သိမ်းမှာလားဆိုတာကို မတ် ၅ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော် အစည်းအဝေးမှာ ကသာမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက မေးမြန်းခဲ့တာပါ။

"ဒီစီမံကိန်းမှာ ပါဝင်တဲ့ မြေယာတွေအတွက်လည်း လျော်ကြေးပေးပြီးပြီ။ ပြီးတော့ ကသာကနေ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာထိလည်း ဖောက်ပြီးသွားပြီ။ ကျန်တဲ့မြေယာတွေ အတွက်လည်း လျော်ကြေးပေးဦးမယ်လို့ သိရတယ်။ စီမံကိန်းက ကြာနေတဲ့အခါကျတော့ ရှေ့ကလုပ် နောက်ကပျက်ဖြစ်နေတယ်။ နိုင်ငံ့ဘဏ္ဍာတွေလည်း အများကြီးသုံးထားတယ်ဆိုတော့ ဆက်လုပ်မလား၊ ရပ်မလားဆိုတာ သိချင်လို့ မေးတာပါ။"လို့ ကသာမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောပါတယ်။

ဒီစီမံကိန်းက ပြည်ထောင်စုအစိုးရအဖွဲ့ကနေ တာဝန်ယူဆောင်ရွက်နေတာဖြစ်လို့ ပြည်ထောင်စုမှာ မေးမြန်းသင့်တယ်လို့လည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်/လမ်းပန်း ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

"သိသလောက်ပြောရရင် စီမံကိန်းက လုံးဝရပ်နားသွားတာမျိုးတော့ မဟုတ်ပါဘူး။ နောင် အနာဂတ် မှာ ဒေသရဲ့ လူမှုစီးပွားဘဝမြင့်မားရေးအတွက် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ ကျနော်တို့ကတော့ ပြည်ထောင်စုရဲ့ လမ်းညွှန်ချက်တွေ အတိုင်း လုပ်ဆောင်ပေးသွားမှာပါ"လို့ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

ကသာ-ဗန်းမော်မီးရထားလမ်းစီမံကိန်းမှာ ကသာမြို့နယ်အတွင်း တုတ်ကြီး၊ မိုးတားကြီး၊ ချောင်းဝ၊ မင်းလယ်၊ မှတ်တိုင်၊ မိဿလင် စတဲ့ကျေးရွာတွေကို ဖြတ်ကာ ဘူတာ ၇ ခုရှိပါတယ်။ အဲဒီကျေးရွာ ၆ အုပ်စုက တောင်သူ ၁၈၈ ဦးရဲ့ ဆုံးရှုံးသွားတဲ့ မြေယာ ၃၀၀ ဧကကျော်နှင့် သီးနှံနစ်နာကြေးတွေကိုလည်း ပေးအပ်ထားပါတယ်။ 

နောက်ထပ်ကျန်နေတာကိုလည်း ထပ်မံပေးအပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ကသာ-ဗန်းမော် မီးရထားလမ်းစီမံကိန်းက မပြီးဆုံးသေးတဲ့အပြင် ကသာ-မိုးတားကြီးလမ်းပိုင်းကို ၂၀၁၀ ခုနှစ်က ဖွင့်လှစ်ခဲ့ပေမယ့် အရှံးပေါ်တဲ့အတွက် ၂၀၁၅ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013