DVB Logo
Home
နိုင်ငံရေး
ပုဒ်မ ၂၆၁ ငါးမျှားချိတ်နောက်ကွယ်က ဖက်ဒရယ် ငါးစာ 
DVB
·
March 4, 2020
ပုဒ်မ ၂၆၁ ငါးမျှားချိတ်နောက်ကွယ်က ဖက်ဒရယ် ငါးစာ 
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ အခုတလော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးနေကြရာမှာ တင်ပြသူ၊ ကန့်ကွက်သူတွေ ညံစီစီနဲ့ ငြင်းကြခုံကြ အော်ဟစ်ကြမို့ သက်ဝင်လှုပ်ရှားလာတဲ့ လွှတ်တော် ဖြစ်တာကြောင့် ကြိုဆိုကြရမှာပါ။ အဓိက အော်ဟစ်ဆွေးနွေး ငြင်းခုံကြတာတွေက ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၂၆၁ နဲ့ ပုဒ်မ  ၅၉(စ) တို့ပါ။

ပုဒ်မ ၆(စ) အကြောင်းပြောပြီးပြီမို့ အခု ပုဒ်မ ၂၆၁ အကြောင်း ပြောချင်တယ်။ ပုဒ်မ ၂၆၁ ဆိုတာ “နိုင်ငံတော်သမ္မတက တိုင်း၊ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခြင်း”နဲ့ သက်ဆိုင်နေပါတယ်။ သမ္မတက  အမည်စာရင်း တင်သွင်းတာမဟုတ်ဘဲ သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်များက မဲပေး ရွေးချယ်ခန့်ထားရေးကို ပြင်ဆင်ချင်တာပါ။ ရုတ်တရက်ကြည့်ရင် ဖြစ်သင့်တဲ့ အနေအထားပါ။ ဒါကလည်း အခုမှ မဟုတ်ဘူး။ ဖဆပလ ခေတ်ကာလကတည်းက ပြင်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ၁၉၄၇ အခြေခံဥပဒေမှာ ပုဒ်မ ၁၆၀ မှာ “ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍ ရှမ်းပြည်နယ်ဆိုင်ရာ အမတ်များအနက် အမတ်တဦးဦး၏အမည်ကို တင်သွင်းသောအခါ၊ ထိုအမည် တင်သွင်းခြင်း ခံရသော အမတ်ကို နိုင်ငံတော်သမ္မတသည် အောက်တွင် “ရှမ်းပြည်နယ်ဝန်ကြီး”ဟု ခေါ်တွင်ရမည် ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်ထားရမည်။ ထိုသို့ ခန့်ထားခြင်းခံရသော ဝန်ကြီးသည်  ဤအခြေခံဥပဒေ၏ ကိစ္စများအတွက် ရှမ်းပြည်နယ်ဥက္ကဋ္ဌလည်း ဖြစ်ရမည်” လို့ ဖော်ပြထားတာပါ။ ကျန်ပြည်နယ်တွေကိုလည်း ဒီအတိုင်း ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီပြဋ္ဌာန်းချက်ကို ပြင်ဆင်ဖို့ ဖဆပလခတ်မှာ တကြိမ်ပြင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီတုန်းကလည်း အခုလိုပဲ ပြည်ထောင်စု ဆိုတဲ့ သဘောနဲ့အညီဖြစ်ဖို့ ပြည်နယ်အမတ်တွေကပဲ ပြည်နယ်ဥက္ကဋ္ဌအဖြစ် စိတ်ကြိုက်ရွေးချယ်နိုင်ရေး ကြိုးစားခဲ့ကြတာပါ။ ခက်တာက ၁၉၄၇ ဥပဒေမှာလည်း အခုခေတ်လိုပဲ ပြည်သူ့ကိုယ်စားလှယ် မဟုတ်တဲ့ ပြည်နယ်သားတွေရဲ့ ဆန္ဒမပါဘဲ စော်ဘွားတွေ စောဖျာတွေက ၂၅ ယောက် ပြည်နယ်ကောင်စီမှာ ပါနေခြင်းပဲ။ 

ဒီလိုစော်ဘွားတွေ စောဖျာတွေရဲ့ ဦးရေနဲ့ ပြည်နယ်ဝန်ကြီး၊ သို့မဟုတ် ပြည်နယ်ဥက္ကဋ္ဌကို ရွေးမယ်ဆိုရင် ပြည်နယ်လူထု အလိုကျဖြစ်မလာနိုင်ဘဲ စော်ဘွားတွေရဲ့ဩဇာ ပိုကျယ်ပြန့်လာပြီး လူများစု ပြည်နယ်သားတွေရဲ့ဆန္ဒဟာ မှေးမှိန်သွားစေနိုင်တယ်။  ဒါ့အပြင် ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့မှာ ပြည်နယ်ဝန်ကြီးဟာ အစိုးရကို တာဝန်အပြည့်အဝ ခံယူနိုင်ပါ့မလားစတဲ့ အချက်တွေက ပြင်ဆင်ရေးကို ဝေဝါးသွားစေခဲ့တယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအကြံပေး ဦးချန်ထွန်းက “(ဝန်ကြီးချုပ်) သူ ယုံကြည်စိတ်ချတဲ့ ပြည်နယ်အမတ်ကို ရွေးပြီးခန့်ရင် အဲဒီပုဂ္ဂိုလ်က ပြည်နယ်ကောင်စီမှာ အားနည်းနေလို့ ပြည်နယ်ဥက္ကဋ္ဌတာဝန်ကို ပိုင်ပိုင်နိုင်နိုင် ထမ်းဆောင်မှာမဟုတ်ဘူး။ ပြည်နယ်ကောင်စီမှာ အားသာနေတဲ့ အဖွဲ့ခေါင်းဆောင်အမတ်ကို ပြည်နယ်ဥက္ကဋ္ဌ ရွေးစေရင်လည်း အတိုက်အခံဘက်က ဖြစ်နေလို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် လူကြီးအဖြစ် လက်ခံပြီး ညီညီညွတ်ညွတ် စုပေါင်းတာဝန်ယူ လုပ်ဆောင်ဖို့ ခက်ခဲလိမ့်မယ်”လို့ သုံးသပ် ဖော်ပြခဲ့ဖူးတယ်။ အဲဒီတုန်းက ပြည်နယ်ဝန်ကြီး၊ သို့ ပြည်နယ်ဥက္ကဋ္ဌ ဆိုတာ အခုခေတ် ပြည်နယ်ဝန်ကြီးချုပ်နဲ့ အတူတူပါပဲ။ ဒါကြောင့် ပုဒ်မ ၂၆၁ ပြင်ဆင်မှုလို အခြေအနေမျိုး သမိုင်းမှာကတည်းက ရှိနေခဲ့တာပါ။

လက်ရှိလွှတ်တော်မှာ ပေါ်ပေါက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁ ပြင်ဆင်မှုအကြောင်း ကြည့်ရအောင်။ ဖက်ဒရယ်ပြည်ထောင်စုသဘောအရ ပြင်ရမှာပဲ ဖြစ်တယ်။ ဒါပေမဲ့ ဒီပုဒ်မတခုတည်း ပြင်ရုံနဲ့တော့ လက်ရှိအခြေအနေအရ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်မလာနိုင်သလို မျှတမှုလည်း မရနိုင်ပါဘူး။ ဘာလို့လဲဆိုရင် ၂၀၀၈ ခြေ/ဥမှာလည်း ၁၉၄၇ ခြေ/ဥရဲ့ စော်ဘွား၊ စောဖျာတွေလိုပဲ တပ်မတော်က ပြည်နယ်လူထု ဆန္ဒမပါပဲ ၂၅ ရာခိုင်နှုန်းက ပြည်နယ်လွှတ်တော်မှာ နေရာယူထားတဲ့အတွက်ပါ။

၂၀၀၈ ဖွဲ့စည်းပုံရဲ့အခြေခံမူဖြစ်တဲ့ ပုဒ်မ ၁၄ မှာလည်း “ပြည်ထောင်စုလွှတ်တော်နှင့် တိုင်ဒေသကြီးလွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်”လို့ ပြဋ္ဌာန်းထားတယ်။ ဒါ့အပြင် ပုဒ်မ ၁၀၉(ခ) မှာလည်း “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးရေထက် မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ” လို့ ဆိုပြန်ပါတယ်။ 

ဒီလိုပဲ ပုဒ်မ ၁၄၁-ခ မှာလည်း “သက်ဆိုင်ရာပြည်ထောင်စုနယ်မြေများ အပါအဝင် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်တခုစီအတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅၆) ဦးလို့ ပါရှိပြန်ပါတယ်။ အပိုဒ်ခွဲ ဂ ကိုတော့ သီးခြားဖော်မပြတော့ပါ။ သူကလည်း ဖော်ပြပါပုဒ်မရဲ့ အပုဒ်ခွဲတခုပါပဲ။ အဲဒါတွေ ခိုင်မာအောင် ထပ်မံထည့်သွင်းထားတာပါပဲ။

အဲဒီပုဒ်မတွေ၊ အပိုဒ်ခွဲတွေ ရှိနေသရွေ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်အမတ်တွေရဲ့ ဆန္ဒမဲနဲ့ များရာခန့်အပ်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ မဲဟာ အဓိကဆုံးဖြတ်ချက်ပေးတဲ့နေရာမှာ ရှိနေမှာပါ။

စစ်တပ်က သဘောကျမှ ဝန်ကြီးချုပ် ဖြစ်လာမယ့် အခြေအနေကို ရောက်ရှိသွားမှာပါ။ ဒါဆိုရင် ပြည်နယ်တွေမှာ ဖက်ဒရယ် မဟုတ်တော့ဘဲ စစ်တပ်အောက် မလွဲမသွေ ကျရောက်သွားနိုင်တဲ့ အနေအထားပါ။ စစ်ဘောင်ဟာ လက်ရှိဖွဲ့စည်းပုံကြောင့် ကျယ်နေပြီးသား အနေအထားကနေ ပြင်လိုက်တော့မှာ ပိုပြီး ကျယ်သထက် ကျယ်လာတော့မှာ ဖြစ်တယ်။ ဒီအနေအထားကို ပြည်နယ်မှာရှိတဲ့ ဘယ်ပြည်သူကမှ လိုလားမှာမဟုတ်ပါဘူး။ 

လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်ရဲ့ ကိုယ်စားလှယ် ပါဝင်မှု အနေအထားကို ကြည့်ရင် တပ်မတော်က ၃၄ နေရာ၊ ကြံ့ခိုင်ရေးပါတီက ၃၃ နေရာ၊ SNLD ပါတီက ၂၄ နေရာ၊ NLD ပါတီ က ၂၃ နေရာ၊ တအာင်း(ပလောင်) အမျိုးသားပါတီက ၇ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၆ နေရာယူထားတာကြောင့် ဘယ်သူက ဝန်ကြီးချုပ် ဖြစ်မယ်ဆိုတာ အထင်အရှား တွေ့နိုင်ပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း တပ်မတော်နဲ့ မဟာမိတ်ကြံ့ခိုင်ရေး ပါတီ နှစ်ခုပေါင်း ကိုယ်စားလှယ် အရေအတွက်ထက် ဘယ်တိုင်းရင်းသားပါတီကမှ လွှတ်တော်ကိုယ်စားလှယ် ပိုရမယ်လို့ အပိုင်တွက်လို့ မရနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၆၁ ပုဒ်မ တခုတည်း ပြင်ဖို့ တင်ပြလာခြင်းဟာ ဖက်ဒရယ် အယောင်ပြပြီး စစ်ဘောင်ချဲ့ထွင်ရေးအတွက် ငါးမျှားချိတ်မှာ ငါးစာတပ်ထားခြင်းပဲ ဖြစ်တယ်လို့ ဝေဖန်နေကြဟန်ပါပဲ။ တချို့ကတော့ စစ်ဘောင်ချဲ့ထွင်ရေး ထောင်ချောက်ထဲ မဝင်မိကြဖို့ တိုင်းရင်းသားအချင်းချင်း သတိပေးနေတာတွေလည်း တွေ့နေရပါတယ်။ 

အကယ်လို့ ပြင်မယ်ဆိုရင်လည်း ၂၀၀၈ ခြေ/ဥရဲ့ အခြေခံမူ ပုဒ်မ ၁၄ အပါအဝင် ယင်းနဲ့ ဆက်စပ်နေတဲ့ အခုဖေါ်ပြခဲ့တဲ့ ပုဒ်မတွေ အပိုဒ်ခွဲတွေအားလုံးကိုပါ တပြိုင်တည်း ပယ်ဖျက်နိုင်ပါမှ ပြည်နယ်သူ ပြည်နယ်သားတွေ လိုလားတဲ့ ပြည်နယ်အစိုးရကို ဖွဲ့စည်းနိုင်ပြီး မိမိဒေသမှာ စီမံအုပ်ချုပ်ခွင့်အာဏာ တစိတ်တပိုင်း ရရှိမှာပါ။ ဒါပေမဲ့ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဆင့်ကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှ ရောက်ရှိနိုင်မှာ မဟုတ်ကြောင်း  တင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013