
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အနေနဲ့ တနိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်မဟာဗျူဟာတရပ် ရေးဆွဲ အကောင်အထည်ဖော်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ပေးပို့တဲ့ ဝန်ကြီးရဲ့ ၂ ဦးသဝဏ်လွှာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
အသစ်ဖွဲ့စည်းလိုက်တဲ့ SCEF အဖွဲ့မှာ နိုင်ငံရေးနဲ့ စစ်ရေးစုဖွဲ့မှုတွေ ပါဝင်ပြီး စစ်ရေးအပိုင်းမှာ ဗဟိုကွပ်ကဲမှုစနစ်ကို တည်ဆောက်သွားမယ်လို့ သူက ဆိုပါတယ်။
SCEF ဖွဲ့စည်းနိုင်တာဟာ တော်လှန်ရေး တဆင့်တက်လာတာဖြစ်ပြီး နိုင်ငံရေးအခြေခံပေါ်မှာ တော်လှန်ရေးအင်အားစုတွေ စုစည်းကာ ပီပြင်တဲ့ ဦးဆောင်မှုကို ဖော်ထုတ်နိုင်တာလို့လည်း ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ဦးဆောင်မှု ခိုင်မာဖို့နဲ့ မဟာဗျူဟာ မှန်ကန်ဖို့ဟာ အသက်တမျှ အရေးကြီးတဲ့အတွက် SCEF ဟာ တခုတည်းသော မူဝါဒ၊ တခုတည်းသော မဟာဗျူဟာအောက်မှာ စနစ်တကျ အလုပ်လုပ်သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး တရားဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။










