DVB Logo
Home
မြန်မာသတင်း
UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မည် 
DVB
·
March 3, 2020
UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မည် 
Donate to DVB

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ၄ မြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပူးပေါင်းပါဝင်လုပ်ဆောင်သွားမယ်လို့  ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ UWSA လက်နက်ကိုင်တပ်ဖွဲ့က ပြောပါတယ်။ 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဌာနချုပ် ပန်ခမ်းမြို့ကို ရောက်ရှိစဉ် UWSA ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျံက ခုလိုပြောကြားလိုက်တာပါ။ 

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က UWSA ထိန်းချုပ်နယ်မြေရှိ မြို့နယ် ၄ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲ ပါဝင်ခွင့်၊ ရွေးကောက်ပွဲကိုယ်စားလှယ်ရွေးချယ်ခွင့်၊ မဲပေးခွင့် စတဲ့ကိစ္စရပ်တွေကို အသေးစိပ် ရှင်းလင်းပြီး ဝ ဒေသတာဝန်ရှိသူတွေအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။ 

နယ်မြေထဲမှာ လွှတ်တော်ကိုယ်စားလှယ်ရမယ်ဆိုရင်တော့ ဒေသဖွံ့ဖြိုးရေး အကျိုးစီးပွား အတွက် အထောက်အကူဖြစ်လာမှာဖြစ်ကြောင်း၊ ဒါပေမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ လာရောက် မဲဆွယ်မယ့်ကိစ္စတွေကတော့ လောလောဆယ်ပြောလို့ မရသေးဘူးလို့  UWSA ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဒီဗွီဘီကို ပြောပါတယ်။ 

 “ဒေသအတွက် ကိုယ်စားလှယ်ရရင် အကျိုးတွေကတော့ ရှိမှာပေါ့နော်။ တဘက်တလမ်း အတွက် ကိုယ့်ရဲ့ပြောရေးဆိုခွင့်တွေ ဒေသဖွံ့ဖြိုးရေးအတွက် စသဖြင့်ပေါ့၊ ကောင်းကျိုးတွေပေါ့။ ပါတီတွေလာပြီးမဲဆွယ်ဖို့ကိစ္စကတော့ ဆက်လက်ပြီး ဆွေးနွေးဖို့ လိုပါသေးတယ်။ ဗဟိုဌာနချုပ်ရဲ့ မူဝါဒတွေပေါ်မူတည်ပါတယ်။” 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း(ပန်ခမ်း)၊ မိုင်းမော၊ ဟိုပန်၊ မက်မန်းမြို့နယ် ၆ ခုကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး   ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ထားပါတယ်။ 

အဆိုပါမြို့နယ်တွေထဲက ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း (ပန်ခမ်း)၊ မိုင်းမော စတဲ့ မြို့နယ် ၄ ခုဟာ UWSA ‘၀’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိပြီးယခင်က  အထွေထွေရွေးကောက်ပွဲတုန်းကတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ 

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ‘၀’၊ ရှမ်း၊ လွယ်လ၊ အခါ၊ လားဟူ နဲ့ အခြား တိုင်းရင်းသားတွေနေထိုင်ပြီး လူဦးရေ ၆ သိန်းကျော်ရှိပါတယ်။ 

‘ဝ’ တိုင်းရင်းသားပါတီတွေအနေနဲ့ကတော့ ‘ဝ’ ဒီမိုကရက်တစ်ပါတီ (Wa Democratic Party) ၊ ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (Wa National Unity Party) နဲ့ ‘ဝ’ လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ (Wa Liberal Democratic Development Party )  ဆိုပြီး ၃ ပါတီရှိပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013