DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလှည့်ခရီးသည် ၈၀၀ ကျော်ပါ  အပျော်စီးသင်္ဘော မြန်မာနိုင်ငံ ဝင်ခွင့်ပိတ်
DVB
·
March 2, 2020
Donate to DVB

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် သီလဝါဆိပ်ကမ်းကို အခုရက်ပိုင်းအတွင်း ဆိုက်ကပ်ဖို့ စီစဉ်ထားတဲ့ ကမ္ဘာလှည့်ခရီးသည် ၈၀၀ ကျော်ပါတဲ့  အပျော်စီးသင်္ဘောကို မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။ 

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်တိုးလွင်က “ဒီနေ့ မနက်ကမှ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့မှ လူကြီးတွေ အစည်းအဝေးထိုင်ပြီးတော့မှ ဆုံးဖြတ်တာပါ။ ကျနော်တို့ဆီကိုတော့ စာနဲ့အကြောင်းကြားလာတယ်။ ဖုန်းနဲ့လည်းပြောပါတယ်။ အဓိကကတော့ ကျနော်တို့လည်း ဒီဟာကို အခြေအနေစောင့်ကြည့်တာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီဟာကို နဂိုကတည်းက သုံးသပ်ပြီးတော့ ဒါကို မဝင်သင့်ဘူးဆိုတာ အထက်ကို တင်ပြထားတာပေါ့ဗျာ။ အထက်က လူကြီးတွေက လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ ကျနော်တို့ ဒီဘက်က ပို့ပေးတယ်။ အဲဒီအခြေအနေအရပ်ရပ်ကို ကြည်ပြီးမှ သူတို့ဆုံးဖြတ် လိုက်တာဆိုတော့လေ။ ”

ခရီးသည်နဲ့သင်္ဘောဝန်ထမ်း  ၈၀၀ ကျော် လိုက်ပါလာတဲ့ အဲဒီသင်္ဘောဟာ မတ်လ ၄ ရက်မှာ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ရှိနေတာပါ။ 

ဒီလိုနိုင်ငံခြားသားတွေ မဝင်လာနိုင်တော့အတွက် တဖက်က ဆုံးရှုံးမှုတွေ ရှိနိုင်ပေမယ့် အများ ပြည်သူကျန်းမာရေးလုံခြုံရေးအတွက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်းလည်း ဦးသက်လွင်တိုးက ပြောပါတယ်။ 

ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေကို ဝင်ရောက်ခဲ့ပြီးမှ မြန်မာနိုင်ငံကို လာရောက်မယ့် လူ ၈၀၀ ပါ အပျော်စီးသင်္ဘောကို ဝင်ခွင့်မပြုသင့်ကြောင်း သက်ဆိုင်ရာကို အကြံပြုထားတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ်လ ၁ ရက်နေ့က ပြောကြားထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီလကုန်ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှု သုံးသပ်တဲ့နည်းတူ မြန်မာနိုင်ငံအနေနဲ့လည်း ကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှုဟာ အလွန်မြင့်မားတဲ့ အခြေအနေမှာ ရှိနိုင်တယ်လို့  ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာတော့ မတ်လ ၁ ရက် ညနေ ၆ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာသစ် ထပ်မံမတွေ့ရှိသေးဘဲ စောင့်ကြည့်လူနာ၊သံသယလူနာ စုစုပေါင်း ၄၅ ဦးရှိခဲ့ပြီး သူတို့အားလုံးမှာလည်း ရောဂါပိုး မတွေ့ရှိရကြောင်း  သတင်းထုတ်ပြန်ထားပါတယ်။

စင်ကာပူရောက် မြန်မာအမျိုးသမီးတဦးမှာတော့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် ကုသနေရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါ တယ်။

မတ် ၂ ရက် ညနေ ၅ နာရီထိ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၉၀၈၃ ဦး၊ သေဆုံးသူ ၃၀၅၇ ဦးနဲ့ ကူးစက်ခံရပြီးမှ နေပြန်ကောင်းလာသူ ၄၅၁၆၃ ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013