DVB Logo
Home
ကျန်းမာရေး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမှာလဲ
DVB
·
March 2, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမှာလဲ
Donate to DVB
၂၀၁၉ ဒီဇင်ဘာကတည်းက တရုတ်နိုင်ငံကနေ စဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ သုံးလကြာအပြီးမှာလည်း အရှိန်လျော့သွားတဲ့လက္ခဏာမပြဘဲ ဆက်ပြီးကူးစက်ပျံ့နှံ့နေသေးတယ်။ အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၅၅နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောက်ရှိနေတယ်။ လူပေါင်း ရှစ်သောင်းကျော်ကူးစက်ခံထားရပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိနေပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ဒီကူးစက်ပျံ့နှံ့မှုကို ကမ္ဘာတစ်ခုလုံးမှာ အမြင့်ဆုံးခြိမ်းခြောက်မှုအဖြစ် ပြောင်းလဲသတ်မှတ်ထားပါတယ်။ ဒီရောဂါဟာ ဘာလို့ကြောက်ဖို့ကောင်းနေတာလဲ။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲဖြစ်ပေါ်လာမှာလဲ၊ ဘာတွေခံစားရမလဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြထားပါတယ်။

အဆုတ်

အသက်ရှူလမ်းကြောင်းကနေ ကူးစက်တဲ့ရောဂါဆိုတော့ ပထမဆုံးထိခိုက်မယ့်အစိတ်အပိုင်းက အဆုတ်ပါ။ ရောဂါပိုးရှိတဲ့သူတစ်ယောက်က ချောင်းဆိုးနှာချေလိုက်တာကနေ ဗိုင်းရပ်စ်တွေက သူ့ရဲ့ နှာရည်၊ တံတွေးတို့မှာပါသွားပြီး တခြားတစ်ယောက်ကို ကူးစက်နိုင်တယ်။ ပထမဆုံးစပြီး ဖြစ်မယ့် လက္ခဏာတွေကတော့ ရိုးရိုးတုပ်ကွေးမိတဲ့လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာနဲ့ အဆုတ်ရောင်တာတွေဖြစ်နိုင်တယ်။ စကူးစက်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်းဖြစ်နိုင်တယ် (ဒါပေမယ့် မသေချာသေးဘူး။ တချို့အခြေအနေတွေမှာ တော်တော်ကြာမှဖြစ်တာမျိုးတွေလည်းတွေ့နေရတယ်)။ အသက်ကြီးတဲ့သူတွေနဲ့ နဂိုရောဂါအခံရှိတဲ့သူတွေက ရောဂါရဲ့ဒဏ်ကို ပိုခံစားရတယ်။ ပိုပြင်းထန်တတ်တယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဆုတ်ကိုထိခိုက်တဲ့ပုံစံဟာ သူ့ညီနောင်ရောဂါတွေဖြစ်တဲ့ SARS နဲ့ MERS ရောဂါတွေနဲ့ဆင်တူတယ်လို့ဆိုပါတယ်။ ဒီအတိုင်းဆိုရင် အဆုတ်ကို ထိခိုက်တဲ့ပုံစံက အဆင့် (၃)ဆင့်ရှိတယ်။ ပထမဆုံးဗိုင်းရပ်စ်တွေပွားမယ်။ ပွားလာတဲ့ဗိုင်းရပ်စ်တွေက ဘာမှန်းမသိတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ပြင်းပြင်းထန်ထန်တုံ့ပြန််မှုတွေဆက်ဖြစ်တယ်။ ကိုယ်ခံအားစနစ်တုံ့ပြန်မှုကြောင့် ရောင်ရမ်းမှုတွေဆက်ဖြစ်ပြီးရင်တော့ အဆုတ်မှာထိခိုက်ပြီး အဆုတ်ပျက်စီးမယ်။ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ဖို့အတွက် ပြင်းပြင်ထန်ထန်တုံ့ပြန်တဲ့ ကိုယ်ခံအားစနစ်က ရောင်းရမ်းမှုတွေဖြစ်ပေါ်စေတာကြောင့် အဆုတ်မှာရှိတဲ့ သွေးကြောတွေကိုထိခိုက်စေပြီး သွေးကြောငယ်တွေကနေ အရည်တွေစိမ့်ထွက်စေတယ်။ အဲဒီအရည်တွေက အဆုတ်ရဲ့ လေလဲလှယ်တဲ့လေပူပေါင်းငယ်လေးတွေ (alveoli) တွေမှာစုကုန်တဲ့အတွက်ကြောင့် အဆုတ်က သူ့အလုပ်ဖြစ်တဲ့ အောက်ဆီဂျင်ကိုရယူဖို့အတွက် ခက်ခဲလာတာကြောင့်အသက်ရှူရခက်လာမယ်။ နောက်ပိုင်းမှာ လုံးဝကို လေလဲလှယ်မှုမလုပ်နိုင်တော့တဲ့အခြေအနေဖြစ်ပြီး သေဆုံးနိုင်တယ်။ တကယ်လို့ မသေဆုံးဘူးဆိုရင်တောင်မှ အဆုတ်မှာ အမာရွတ်တွေကျန်သွားမယ်။

အစာအိမ်နဲ့ အူလမ်းကြောင်း

COVID-19 ရဲ့ သက်ရောက်မှုက အဆုတ်မှာတင်ရှိတာမဟုတ်ပါဘူး။ အစာအိမ်နဲ့အူလမ်းကြောင်းကိုလည်း ရောက်ပါတယ်။ ကူးစက်ခံရသူတွေမှာ ဗိုက်အအောင့်တာ၊ မူးဝေအော့အန်တာနဲ့ ဝမ်းလျှောတာမျိုးတွေတွေ့ရတယ်။ ဝမ်းသွားတဲ့အခါမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပါဝင်နိုင်ပြီး တခြားသူကိုကူးစက်နိုင်တယ်။ ထုံးစံအတိုင်းပဲ ဗိုင်းရပ်စ်က အူနံရံတွေကိုထိခိုက်စေပြီး အရည်တွေကို အပြင်ထွက်စေတာကြောင့် ဝမ်းလျှောမှုဖြစ်ရတာပါ။

ကိုယ်ခံအားစနစ် တုံ့ပြန်မှုလွန်ကဲခြင်း

ကိုရိုနာဗိုင်းရပ်စ်ဟာ ကိုယ်ခံအားစနစ်ကို ပြင်းပြင်ထန်ထန်တုံ့ပြန်စေပါတယ်။ ဒီတုံ့ပြန်မှုရဲ့ နောက်ဆက်တွဲမှာပဲ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ရောင်ရမ်းပျက်စီးမှုတွေဖြစ်ပေါ်စေတာပါ။ ကိုယ်ခံအားစနစ်ရဲ့ အလုပ်လုပ်ပုံက ရောဂါပိုးတစ်ခုခုဝင်လာပြီဆိုရင် အဲဒီရောဂါပိုးရှိတဲ့နေရာကို နေရာပြဖို့အတွက် အမှတ်အသားတွေ ကိုယ်ခံအားစနစ်က အရင်လွှတ်ပါတယ်။ အဲဒါက Cytokines တွေပါ။ ဆိုက်တိုကိုင်းစ် (Cytokines) တွေပြတဲ့နေရာကို ကိုယ်ခံအားစနစ်ရဲ့ ရောဂါတိုက်ဖျက်ရေးတပ်သားတွေက ရောက်လာပြီးရောဂါပိုးတွေကို တိုက်ခိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရချိန်မှာတော့ ကိုယ်ခံအားစနစ်က ဘာအမှတ်အသားမှမပြုတော့ဘဲ cytokines တွေကို အကြီးအကျယ်လွှတ်ပါတယ်။ ဥပမာ အဆုတ်ကို cytokines တွေလွှတ်တဲ့အခါ ရောဂါတိုက်ဖျက်ရေးတပ်သားတွက ရောဂါလား ဆဲလ်အကောင်းလား မခွဲနိုင်တော့ဘဲ မည်းမည်းမြင်ရာ တွယ်ကြတာကနေ ရောဂါပိုးထိခိုက်တာကနည်းနည်း ဆဲလ်အကောင်းတွေထိခိုက်တာက များများဖြစ်ပြီး အဆုတ်က ပျက်စီးရပါတယ်။ ဒီလိုပုံစံမျိုးနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်၊ နှလုံးနဲ့ သွေးကြောတွေလည်း ပျက်စီးရပါတယ်။

အသည်း

အသည်းဟာခန္ဓာကိုယ်မှာအရေးအပါဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွေးကြောမကြီးတွေနဲ့ ဆက်သွယ်ထားတယ်။ ဒီတော့ ဗိုင်းရပ်စ်ပိုးလည်း အလွယ်တကူ ရောက်နိုင်တယ်။ အသည်းရဲ့ဆဲလ်တွေကိုလည်း ဗိုင်းရပ်စ်က တိုက်ခိုက်ပြီးပျက်စီးစေတယ် ဒါမှမဟုတ် ကိုယ်ခံအားစနစ်ရဲ့ တိုက်ခိုက်မှုကြောင့် ရောင်ရမ်းပျက်စီးစေတယ်။ အသည်းက ပုံမှန်ဆိုရင် ပျက်စီးမှုတွေကနေ အလွယ်တကူမြန်မြန်ပဲ ပြန်ကောင်းတတ်ပေမယ့် အများကြီးထပ်ခါထပ်ခါတိုက်ခိုက်ခံရမယ်ဆိုရင် ဆဲလ်အသစ်တွေပြန်ထွက်တာ အလျင်မမီနိုင်တော့ဘူး။ ဒီမှာတင် အသည်းလည်းစပြီးပျက်စီးတယ်။

ကျောက်ကပ်

ကိုရိုနာကူးစက်မှုကြောင့် သေဆုံးမှုတွေရဲ့ ၆ရာခိုင်နှုန်းဟာ ကျောက်ကပ်ပျက်စီးမှုကြောင့်သေဆုံးတယ်။ ကျောက်ကပ်ပျက်စီးမှုဟာ အဖြစ်နည်းပေမယ့် ကျောက်ကပ်ကို ဗိုင်းရပ်စ်ပိုးစရောက်ပြီဆိုရင် သေဖို့များတယ်။ ကျောက်ကပ်ကို ထိခိုက်မှုဟာလည်း ဗိုင်းရပ်စ်ကြောင့်ရော ကိုယ်ခံအားစနစ်ကြောင့်ရောပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်ဟာ ဖြစ်တာမကြာသေးတဲ့အတွက် လေ့လာချက်တွေကလည်း မပြည့်စုံဘူးဖြစ်နေတယ်။ လောလောဆယ်အခြေအနေမှာ ကိုရိုနာဗိုင်းရပ်စ်က မိခင်ကနေ ကလေးကို မမွေးခင်မှာမကူးစက်နိုင်ဘူးလို့ဆိုပါတယ်။

ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win   ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013