DVB Logo
Home
မြန်မာသတင်း
လူ ၈၀၀ ကျော်ပါ အပျော်စီးသင်္ဘော မြန်မာကို ဝင်ခွင့်မပြုသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အကြံပြု
DVB
·
March 2, 2020
လူ ၈၀၀ ကျော်ပါ အပျော်စီးသင်္ဘော မြန်မာကို ဝင်ခွင့်မပြုသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အကြံပြု
Donate to DVB

ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေကို ဝင်ရောက်ခဲ့ပြီးမှ မြန်မာနိုင်ငံကို လာရောက်မယ့် လူ ၈၀၀ ပါ အပျော်စီးသင်္ဘောကို ဝင်ခွင့်မပြုသင့်ကြောင်း သက်ဆိုင်ရာကို အကြံပြုထားတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားပါတယ်။

မတ် ၁ ရက်က ကျင်းပတဲ့ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

ခရီးသည်နဲ့သင်္ဘောဝန်ထမ်း  ၈၀၀ ကျော် လိုက်ပါလာမယ့် အဲဒီသင်္ဘောဟာ မတ်လ ၄ ရက်မှာ မြန်မာနိုင်ငံကို ဝင်ရောက်မှာဖြစ်တာကြောင့် သက်ဆိုင်ရာကို အကြံပြုခဲ့တာလို့  ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီလကုန်ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှု သုံးသပ်တဲ့နည်းတူ မိမိတို့နိုင်ငံအနေနဲ့လည်း ကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှုဟာ အလွန်မြင့်မားတဲ့ အခြေအနေမှာ ရှိနိုင်တယ်လို့  ပြည်ထောင်စုဝန်ကြီးက သုံးသပ်ခဲ့ပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အတည်ပြုလူနာအရေအတွက် ကျဆင်းပေမဲ့ ကိုရီးယား၊ အီတလီနဲ့ အီရန်နိုင်ငံတို့ကတော့ ဖြစ်ပွားမှုနဲ့ သေဆုံးမှုမြင့်တက်လာတယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ရောဂါကူးစက်မှု မရှိသေးတဲ့ နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် WHOရဲ့ အကြံပြုချက် ၅ ချက်ဟာ ကျနော်တို့ ဆောင်ရွက်ထားတာနဲ့ ကိုက်ညီနေလို့ တစိုက်မတ်မတ် အရှိန်အလျှော့ဘဲ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်”လို့ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာ ကြားခဲ့ပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်က မြန်မာနိုင်ငံမှာ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ ကိုရိုနာဗိုင်း ရပ်စ်ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် အစိုးရကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုများပြားနေတဲ့ တရုတ်၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန် စတဲ့နိုင်ငံတွေနဲ့ တိုက်ရိုက်လေကြောင်းလိုင်း ဆက်သွယ်မှုရှိတဲ့အတွက် အထူးဂရုပြု စောင့်ကြပ်ကြည့်ရှုဖို့၊ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေကနေ တိုက်ရိုက်ဝင်ရောက်လာတဲ့ လေကြောင်းလိုင်းတွေကို အထူးအလေးထား ရောဂါစောင့်ကြပ်ကြည့်ရှုဖို့နဲ့ ခရီးသည်တွေ တည်းခိုနေထိုင်ရာနေရာ၊ သွားလာမယ့်ခရီးစဉ်တွေကို စုံစမ်းပြီး ရောဂါဖြစ်ပွားမှု သံသယ ရှိပါက ချက်ချင်းသတင်းပေးဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူအများအပြား ရုတ်တရက်တပြိုင်နက်တွေ့ရှိ လာနိုင်ပြီး ပြည်သူတွေအတွင်း ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် လူစုလူဝေးများပြားရာ နေရာတွေနဲ့ ပွဲလမ်းသဘင်တွေ ရှိရာနေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူထုကို အသိပေးနှိုးဆော်ထားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာတော့ မတ်လ ၁ ရက် ညနေ ၆ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာသစ် ထပ်မံမတွေ့ရှိသေးဘဲ စောင့်ကြည့်လူနာ၊သံသယလူနာ စုစုပေါင်း ၄၅ ဦးရှိခဲ့ပြီး သူတို့အားလုံးမှာလည်း ရောဂါပိုး မတွေ့ရှိရကြောင်း  သတင်းထုတ်ပြန်ထားပါတယ်။

စင်ကာပူရောက် မြန်မာအမျိုးသမီးတဦးမှာတော့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် ကုသနေရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါ တယ်။

မတ် ၂ ရက် မွန်းလွဲ ၂ နာရီထိ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတလွှားနိုင်ငံနဲ့ ဒေသပေါင်း ၆၇ ခုကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသူ ၈၈၅၉၁ ဦး၊ သေဆုံးသူ ၃၀၅၁ ဦးနဲ့ ကူးစက်ခံရပြီးမှ နေပြန်ကောင်းလာသူ ၄၅၁၂၀ ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013