DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းမည့်သတင်း မဟုတ်မှန်ဟု ဂေါပကပြော
DVB
·
March 1, 2020
မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းမည့်သတင်း မဟုတ်မှန်ဟု ဂေါပကပြော
1 / 4
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မကွေးတိုင်း၊ မင်းဘူး(စကုမြို့)တွင် ကျင်းပနေတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းတဲ့သတင်းထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း ဂေါပကအဖွဲ့က ပြောပါတယ်။

မန်းရွှေစက်တော်ပွဲတော်ကြီး ပိတ်သိမ်းဖို့ မကွေးတိုင်းအစိုးရအဖွဲ့က တရားဝင်စာပေးပို့ထားတာ မရှိကြောင်းနဲ့ ဒီနေ့အချိန်ထိ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေတယ်လို့ ဂေါပကဥက္ကဋ္ဌ ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဘုရားမှာ လူစည်ကားပါတယ်။ မနက်ဖြန်အတွက် တည်းခိုဆောင်တွေ ကြိုတင်စာရင်းပေးတာတောင်မရတော့ပါဘူး။ ကျန်းမာရေးအတွက်တော့ နှစ်စဉ်ရှိတဲ့ အခမဲ့ဆေးခန်းအပြင် သတိပေးစာစောင်တွေဖြန့်ဝေပြီး၊ ကျန်းမာရေး သတိပေးချက်တွေကို တနေ့ ၂ ခါ ကြေညာပေးနေပါတယ်။ ဝူဟန်နဲ့ပတ်သက်တဲ့ အပူချိန်တိုင်းကိရိယာလည်း အဆင်သင့်ရှိနေပါတယ်။”

မကွေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်တာကြောင့် နိုင်ငံအနှံ့အပြားက ဘုရားဖူးပြည်သူတွေ လာရောက်ကြတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်အား အမြန်ဆုံး စီမံပိတ်သိမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဂေါပကဥက္ကဋ္ဌထံ စာပေးပို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌက “အမတ်ပေးပို့တဲ့စာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားပါတယ်၊ ဒီနေ့အထိ တိုင်းအစိုးရက ပွဲတော်ပိတ်ဖို့ ညွှန်ကြားမထားသေးပါဘူး။ ပွဲတော်မှာ ကျန်းမာရေးအတွက် ဆရာဝန်တွေ ထားရှိထားပါတယ်။ အရေးအကြောင်းဆို ဘုရားဖူး ပြည်သူတွေ သိအောင် လုက်ဆောင်မှာပါ၊ လက်ရှိအတိုင်းအတာအထိ ပြည်သူတွေ မစိုးရိမ်ကြဘဲ မန်းရွှေစက်တော်ဘုရားလာဖူးကြပါ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

မန်းသောင်ပြင်စျေးသည်တဦးဖြစ်တဲ့ မုံရွာမြို့က ဦးအောင်တင်က​ “အမတ် ပေးပို့တဲ့စာက အွန်လိုင်းပေါ်မှာ ရွှေစက်တော်ပိတ်ပြီလို့ တင်နေကြတော့ ဘုရားဖူးပြည်သူတွေက မေးကြပါတယ်။ အမှန်က ဘုရားမှာ ဒီနေ့အထိ ဘာပြဿနာမှမရှိဘူး။ မလိုလားသူတွေက ကောလာဟလဖြန့်တာနေမှာပါ၊ ပွဲတော်ကြီးကတော့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါ” လို့ ပြောပါတယ်။

၂၀၂၀ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဧပြီ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာ ကျင်းပသွားမှာပါ။ ၂၀၂၀ ဇန်နဝါရီလအကုန်အထိ ဘုရားကြီဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၇၀၀၀၀  ကျော်ရှိတယ်လို့ သိရပါတယ်။





 

တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013