DVB Logo
Home
မြန်မာသတင်း
ကိုရီးယားပြန် မြန်မာကျောင်းသူ ၇ ဦးကို စောင့်ကြည့်နေဟု ကျန်းမာရေး ထုတ်ပြန်
DVB
·
February 29, 2020
Donate to DVB

ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းက ကိုရီးယားနိုင်ငံက ပြန်ရောက်လာတဲ့ မြန်မာကျောင်းသူ ၇ ယောက်ကို ရန်ကုန် ဝေဘာဂီဆေးရုံမှာ ၁၄ ရက်ထားစောင့်ကြည့်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆိုးလ်မြို့ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ဖြစ်ပွားနေတဲ့ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ကနေ မြန်မာနိုင်ငံသား ကျောင်းသူ ၇ ယောက် လိုက်ပါတယ်လို့ လေယာဉ်မှူးကြီးက သတင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဒယ်ဂူးမြို့၊ ဒုံမြောင်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူတွေဖြစ်ပြီး ဖျားတာနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ မတွေ့ရတဲ့အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ် ထိတွေ့ခဲ့တာမရှိကြောင်း သိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် လက်ရှိမှာ ရောဂါကူးစက်ဖြစ်ပွားနေတဲ့ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ နေထိုင်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိတာကြောင့် သူတို့ ၇ ယောက်ကို ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ၁၄ ရက် ခွဲခြားထားရှိပြီး အသွားအလာကန့်သတ်တာ (Hospital Quarantine) လုပ်ထားပြီး စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာပါတဲ့ ကျောင်းသူတယောက်ကတော့ ဆေးရုံမှာ အနေအထိုင် အစားအသောက် အဆင်မပြေတာ တချို့ရှိတဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။

နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်စောင်ကြည့်တာတွေကတော့ ဗြိတိန်နိုင်ငံသား၊ အိန္ဒိယလူမျိုး အမျိုးသား တယောက်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ စင်ကာပူနိုင်ငံကတဆင့် မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ပြီး ၂၅ ရက်နေ့မှာ ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းသွားတာကြောင့် ၂၇ ရက်နေ့မှာ ပုဂ္ဂလိက ဆေးခန်း တခုဆီကို သွားရောက်ပြသခဲ့ပါတယ်။ သူ့ကို ဝေဘာဂီအထူးကုဆေးရုံကြီးဆီကို ညွှန်းပို့ခဲ့တာကြောင့် ဓါတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို ပေးပို့ စစ်ဆေးခဲ့ရာမှာ ဓာတ်ခွဲအဖြေတွေမှာ Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိဘူးလို့ မနေ့က အဖြေထွက်ခဲ့ပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်မှာ နေတဲ့ အသက် ၂၀ အရွယ် အမျိုးသားတယောက်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံကနေ ပြန်လာတဲ့အခါ မူဆယ်နယ်စပ်ဂိတ်မှာ ကိုယ်အပူချိန်မြင့်တက်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် မူဆယ်မြို့နယ်ဆေးရုံဆီကိုလွှဲပြောင်းခဲ့လို့ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး သီးခြားထားရှိကုသပေးနေပြီး ဓါတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို ပေးပို့ဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဖေဖော်ဝါရီ ၂၀ ရက်မှာ မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်နိုင်ငံ၊ ရှန်ဒေါင်း ပြည်နယ်မှာနေတဲ့ တရုတ်အမျိုးသမီးတယောက်ဟာ ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာကြောင့် ဖေဖော်ဝါရီ ၂၈ ရက်မှာ ရန်ကုန်ဆေးရုံကြီးကို လာပြခဲ့လို့ ဝေဘာဂီအထူးကုဆေးရုံကြီးဆီကို ညွှန်းပို့ခဲ့ပါတယ်။ သူ့ကိုလည်း စောင့်ကြည့်လူနာအဖြစ် သတ်မှတ် သီးခြားထားကုသပေးပြီး ဓါတ်ခွဲနမူနာရယူစစ်ဆေးရာမှာ Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိဘူးလို့ မနေ့က အဖြေထွက်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၈ ရက် ည ၆ နာရီ အချိန်ထိ လူနာ ၁ ယောက်ကို သက်ဆိုင်ရာဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေပြီး သူ့ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) ကို ကူးစက်မြန်ရောဂါ ဒါမှမဟုတ် တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် ဖေဖော်ဝါရီ ၂၈ ရက်က အမိန့်ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရသေးပေမယ့် တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတချို့အပါအဝင် ကမ္ဘာ့နိုင်ငံ ၄၇ နိုင်ငံမှာ ရောဂါကူးစက်ဖြစ်ပွားနေပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၉၂၄ ဦး၊ ကူးစက်ခံရသူ ၈၅၂၀၇ ဦးနဲ့ ရောဂါပျောက်ကင်းသက်သာသူ ၃၉၅၀၄ ဦး ရှိတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013