
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးဝန်ထမ်းတွေက မြန်မာနိုင်ငံသားတွေအပေါ် ကူညီလုပ်ဆောင်ပေးရမယ့်အစား ဖိနှိပ်မှုတွေကို ပုံစံမျိုးစုံနဲ့ ပိုမိုလုပ်ဆောင်လာတယ်လို့ တောင်ကိုရီးယားရောက်မြန်မာ့တော်လှန်ရေးအသိုက်အဝန်းဆီကနေ သိရပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ကတည်းက ဖိနှိပ်မှု တွေလုပ်လာတဲ့ မြန်မာသံရုံးက နောက်ပိုင်းမှာ တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ မြန်မာနိုင်ငံသားတွေအပေါ် ပိုမိုဖိနှိပ်လာလို့ နှစ်နိုင်ငံ အစိုးရတွေကို ဖိအားပေးဖို့ တောင်ကိုရီးယားရောက် တော်လှန်ရေးအင်အားစု ၃၁ ဖွဲ့က စုပေါင်းပြီး စစ်ကောင်စီသံရုံးကို ရှုတ်ချပြစ်တင်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
တော်လှန်ရေး တက်ကြွလှုပ်ရှားသူတယောက်က “ထောက်လှမ်းစုံစမ်းတဲ့ကိစ္စတွေ လုပ်လာတာရှိတယ်။ ဒါကြောင့်ကျနော်တို့က တန်ပြန်ဖိအားပေးတဲ့အနေနဲ့ ဒီကိစ္စကို ထုတ်ပြန်တာဖြစ်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာကိုရီးယားအဖွဲ့အစည်းတွေ သက်ဆိုင်ရာ လွှတ်တော်နဲ့ ပေးပို့ပြီး ဆွေးနွေးတိုင်ပင်သွားဖို့ရှိပါတယ်။ ဒီအတွက်ပထမခြေလှမ်းအနေနဲ့ ထုတ်ပြန် တာဖြစ်ပါတယ်။ လောလောဆယ်က ပတ်စပို့ကိစ္စနဲ့ပတ်သက်ပြီး အဓိက ပြဿနာဖြစ်တာပါ။ နောက်ကလေးမွေးစာရင်းတွေ အခွန်နှစ်ထပ် ကောက်တဲ့ကိစ္စတွေပေါ့။ အထူးသဖြင့် သက်ရောက်တာက ကျောင်းသူ ကျောင်းသားတွေ E9 ဗီဇာ၊ အလုပ်သမား ဗီဇာ သက်တမ်းကုန်ဆုံးသူတွေ မြန်မာနိုင်ငံလည်း ပြန်လို့မရတဲ့ အနေအထားမှာ အထူးနေထိုင်ခွင့် ဗီဇာ G1-99 ကို ပြောင်းထားတဲ့သူတွေက သက်ရောက်မှုတွေ အများကြီး ခံစားနေရတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ NUG အစိုးရရဲ့ ထောက်ခံစာနဲ့ နေထိုင်နေပြီး ပြည်တွင်းပြန်ဝင်ဖို့ အခက်အခဲရှိတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာတဲ့ ကလေးအတွက် မွေးစာရင်းသွင်းဖို့ ပတ်စပို့လျှောက်ထားမှု ပယ်ချခံခဲ့တဲ့အကြောင်းကို ကိုယ်တိုင် ကြုံခဲ့ရသူက ပြောပြပါတယ်။
“ကျမကလေးမွေးပြီးတဲ့အချိန် မြန်မာသံရုံးကိုသွားပြီး ကလေးအတွက် သန်းခေါင်စာရင်းသွင်းဖို့ လိုအပ်လို့ ပတ်စပို့သွားလျှောက်ပါတယ်။ လျှောက်တဲ့အခါ ကျမတို့ မိဘနှစ်ပါးက overstay ဖြစ်နေလို့ ကျမတို့ကလေးကို ပတ်စပို့ထုတ်ပေးလို့မရဘူးပေါ့။ အဲလိုပြောပြီးတော့ အငြင်းခံလိုက်ရတယ်။ တခြားနိုင်ငံသားတွေဆိုရင် မိဘနှစ်ပါးက overstay ဖြစ်ဖြစ် မဖြစ်ဖြစ် ပတ်စပို့သက်တမ်းက တိုးပေးသလို သူတို့ကမွေးတဲ့ ကလေးတွေကို ပတ်စပို့စာအုပ်ထုတ်ပေးတာ တွေ့ရတယ်။ ငါတို့က စောင့်ရှောက်ရမယ်ဆိုတဲ့စိတ်ကလေးနဲ့ ဒီလိုမျိုးသာ လုပ်ပေးခဲ့ရင် ကျမတို့က အများကြီး အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်နိုင်တာပေါ့။”
မြန်မာသံရုံးက သံအမတ်၊ သံအရာရှိတွေနဲ့သံရုံးဝန်ထမ်းတွေကိုပါ နာမည်ပျက်စာရင်းသွင်းဖို့ တောင်ကိုရီးယားရောက် တော်လှန်ရေးအင်အားစုတွေက NUG အစိုးရကို တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုချက်ကို NUG အနေနဲ့ လက်ခံပေးဖို့ ယုံကြည်ကြောင်းနဲ့ တော်လှန်ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေကြောင်း တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံး စီမံရေးရာတာဝန်ခံက ပြောပါတယ်၊
“ဒါက ဘာလဲဆိုတော့ စကစဘက်က နှောင့်ယှက်နေတာပါ။ တော်လှန်ရေးလုပ်နေတဲ့သူတွေကို လုပ်လို့မရအောင် နေလို့မရအောင် ရပ်တည်မှုတွေ ခက်ခဲအောင် တမင်ကို နှောင့်ယှက်နေတဲ့ပုံစံဖြစ်ပါတယ်။ ကျနော်တို့ကတော့ ထောက်ခံစာတွေ လုပ်ပေးနေပါတယ်။ အဲဒီထောက်ခံစာတွေနဲ့လည်း တော်လှန်ရေးရဲဘော်တွေက ဆက်လက်နေထိုင်လို့ ရပါတယ်။ ဒါပေမဲ့ လုပ်ရကိုင်ရတဲ့နေရာ စကားတခွန်းတည်းပြောရတဲ့နေရာ စကားဆယ်ခွန်း လောက်ပြောနေရတယ်၊ အထောက်အထားတွေ အများကြီး ပြနေရပါတယ်။ ဒီသံရုံးဟာပြည်သူကို အကျိုးပြု နေတာမဟုတ်ဘဲနဲ့ ပြည်သူကို အခက်အခဲအမျိုးမျိုးဖြစ်အောင်နှောင့်ယှက်နေတယ်လို့ပဲ ကျနော်တို့ကတော့ ယူဆပါတယ်။”
စစ်ကောင်စီလက်အောက်ခံ သံရုံးကနေ တော်လှန်ရေးမှာပါနေတယ်လို့ ယူဆသူတွေကို ပတ်စပို့သက်တမ်း မတိုးပေးတာ၊ ကလေးမွေးစာရင်းသွင်းခွင့်မပြုတာ၊ ကာကယံရှင်ကို အသိမပေးဘဲ ပတ်စပို့ဖျက်သိမ်းတာ၊ ပြည်သူတွေရဲ့ မိသားစုနောက်ခံကိုအချက်အလက်အတိအကျနဲ့ တောင်းယူတာတွေအပြင် တော်လှန်ရေးမှာ ပါဝင်တဲ့ မြန်မာနိုင်ငံသားကို ခေါ်ယူခြိမ်းခြောက် ပြောဆိုတာတွေကို ဆက်လက် ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဝေဝေ










