DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင် စစ်ရှောင်စခန်းများတွင် လူဦးရေများပြားလာသဖြင့် အကူအညီလိုအပ်နေ
DVB
·
February 26, 2020
ဘူးသီးတောင် စစ်ရှောင်စခန်းများတွင် လူဦးရေများပြားလာသဖြင့် အကူအညီလိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်ဦးရေ များပြားလာတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံက  ပြောကြားပါတယ်။

လမ်းမကျောင်း စစ်ဘေးရှောင်တာဝန်ခံ ဦးအောင်ကျော်ထွန်းက "စစ်ဘေးရှောင်ဦးရေက တစတစ များလာနေပါတယ်။ စားသောက်နေထိုင်ရေး အလွန်အခက်အခဲ တွေ့နေရတယ်။ လူကယ်ပြန်က တနေ့ကို လူတစ်ဦးဆန် နှစ်ဘူးပေးတယ်၊ မနက်တစ်ဘူး ညတစ်ဘူး။ နောက်အသုံးအဆောင်တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ဟင်းသီးဟင်းရွက်ကအစ ကိုယ်ဘာသာကိုယ် ဝယ်ယူစားသောက်နေရတော့ ဒုက္ခသည်တွေမှာပါလာတဲ့ ကြေးငွေတွေလည်း ကုန်ပါပြီ။ အခုဆို ငတ်ဖို့သာကျန်ပါတောတယ်။ တောသူတောင်သားတွေ ဆိုတော့ ဆန်တစ်ဘူးနဲ့လည်း မဝတဲ့သူတွေရှိပါတယ်။ အရေးကြီးစွာလိုနေတာက ကျန်းမာရေးအတွက် အရေးကြီးတဲ့ အိမ်သာနဲ့သောက်သုံးရေပါ။ ဒါကိုတော့ သက်ဆိုင်တွေက အမြန်ဆုံး ကူညီထောက်ပံ့ ပေးကြဖို့ ပြောချင်ပါတယ်"လို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်လို့ ပြေးလာရတယ်။ နေအိမ်မှာ ဘာမှ မယူဆောင်နိုင်ခဲ့ကြောင်း နေအိမ်တွေ လည်းမီးရှိုခံရတယ်လို့တော့ သိရတယ်။ သွားမကြည့်နိုင်ဘူး”လို့ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာမှ အသက် ၇၅ နှစ်အရွယ်အဖွားအို ဒေါ်မခိုင်သိန်းက ပြောပါတယ်။

အရင်က ဘူးသီးတောင်မြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း ၂ ခုသာရှိပြီး ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး မြတောင်ဘုန်းတော်ကြီးကျောင်း စခန်းတခု ထပ်တိုးလာလို့ အရေးပေါ်အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။

"လေယာဉ်နဲ့ဗုံးကြဲတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ ဒါကြောင့်ကြောက်လို့ ပြေးလာ ရတာပါ။ ကျွဲနွားတွေတော့ မကျန်ခဲ့ပါ။ ရိတ်သိမ်းပြီးသားစပါးတွေနဲ့ နေအိမ်ဆောက်လုပ်ဖို့ ဝယ်ထားတဲ့သစ်တွေ ကျန်ခဲ့ပါတယ်။ ပထမတော့ စေတီတောင်စစ်ဘေးရှောင်စခန်းကို ထွက်ပြေး လာတာပါ။ စေတီတောင်စစ်ဘေးရှောင်စခန်းအနီးမှာလည်း လေယာဉ်တွေနဲ့ ဗုံးလာကြဲတော့ ဘူးသီးတောင်ကို ပြေးလာရတာပါ”လို့ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှ မအနီခိုင်က ပြောပါတယ်။

လက်ရှိမှာ ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေစခန်းမှာ အိမ်ထောင်စု ၁၄၀ လူဦး ၅၂၈ ဦး၊ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၅၀၀ စု လူဦးရေ ၂၁၁၁ ဦး၊ မြတောင်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၇၆ စု လူဦးရေ ၁၃၇၀ ဦးအထိ စစ်ဘေးခိုလှုံနေကြပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013