DVB Logo
Home
မြန်မာသတင်း
၄ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှုန်း ပိုများလာ
DVB
·
February 18, 2020
၄ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှုန်း ပိုများလာ
Donate to DVB

ပြီးခဲ့တဲ့ ၄ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုနှုန်းက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနှုန်းထက်ပိုများခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ MIC အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောဆိုလိုက်တာပါ။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှုန်းက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနှုန်းထက် ပျမ်းမျှအားဖြင့် အရေအတွက်နဲ့ ပမာဏ ပိုများနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ အသားတင် ၁ ဒသမ ၉ ဘီလီယံ ကျော်ရှိပြီး ဖြစ်တာကြောင့် တစ်လ ပျမ်းမျှ ၀ ဒသမ ၅ ဘီလီယံနှုန်း (သန်း ၅၀၀ နှုန်း) ဝင်ရောက်နေတယ်လို့ သိရပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း (MIPP) ရဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရည်မှန်းချက် (Target) ဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ရရှိဖို့ အခြေအနေကောင်းပါတယ်”လို့ ဦးသန့်စင်လွင်က ပြောပါတယ်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁၁ ခု ခွင့်ပြု၊ အတည်ပြုပေးခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏာ အမေရိကန် ဒေါ်လာ ၁, ၉၇၃ ဒသမ ၆၄၈ သန်း ဖြစ်ပါတယ်။

မကြာသေးခင် ရက်သတင်းပတ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ၃ ခု၊ အတည်ပြုလုပ်ငန်းအဖြစ် ၁၁ ခု ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရပါတယ်။

ဒီထဲမှာ လုပ်ငန်းတွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အဆိုပြုလုပ်ငန်း ၃ ခုနဲ့ အတည်ပြုလုပ်ငန်း ၄ ခု၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁ ခု၊ ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁ ခု၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမှ အတည်ပြုလုပ်ငန်း ၂ ခု နဲ့ တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၃ ခု ခွင့်ပြုပေးခဲ့ပါတယ်။

ဒီလုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၆၈၂ သန်းအပါအဝင် ကျပ် ၉၅,၅၀၄ ဒသမ ၆၀၂ သန်းဖြစ်ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၈၉၄ ဦး ကို ဖန်တီးပေးသွားမယ်လို့ ဆိုပါတယ်။ 

အတည်ပြုပေးခဲ့တဲ့ လုပ်ငန်း ၁၄ ခုကတော့ စက်မှုကဏ္ဍ မှ ၅ ခု၊ ဟိုတယ်ကဏ္ဍမှ ၃ ခု၊ လျှပ်စစ်ကဏ္ဍ မှ ၁ ခု၊ သတ္တုကဏ္ဍ မှ ၁ ခု နဲ့ အခြားကဏ္ဍမှ ၄ ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ လအတွင်း စက်မှုကဏ္ဍက အများဆုံးဖြစ်ပြီး ဒုတိယက လျှပ်စစ်ဓါတ်အားနဲ့ တတိယကတော့ အိမ်ရာအဆောက်အအုံကဏ္ဍဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကဏ္ဍအလိုက် ကြည့်ရင်တော့ လျှပ်စစ်ဓါတ်အားကဏ္ဍက ၁ ဒသမ ၀၂ ဘီလီယံနဲ့ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013