DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်က တခြားကူးစက်ရောဂါများထက် သေဆုံးနှုန်းနည်းပါးဟု တရုတ်သံအမတ်ပြော
DVB
·
February 17, 2020
ကိုရိုနာဗိုင်းရပ်စ်က တခြားကူးစက်ရောဂါများထက် သေဆုံးနှုန်းနည်းပါးဟု တရုတ်သံအမတ်ပြော
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ဟာ အရင်ဖြစ်ခဲ့တဲ့ ကူးစက်ရောဂါတွေထက် သေဆုံးနှုန်း နည်းပြီး ရောဂါစဖြစ်တဲ့ ဟူဘေးပြည်နယ် လူဦးရေရဲ့ ၁ ရာခိုင်နှုန်းကိုပဲ ကူးစက်တာလို့ တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင်က  ဖေဖော်ဝါရီ ၁၄ ရက်နေ့က လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဗဟိုကော်မတီ ပူးတွဲဥက္ကဋ္ဌ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ တွေ့ဆုံ ပြောခဲ့တာပါ။

ကျွမ်းကျင်သူတွေရဲ့ လေ့လာသုံးသပ်ချက်အရ COVID 19 ဟာ သေဆုံးနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်း (လူ ၁၀၀၀ မှာ ၂၁ ယောက်) လောက်ပဲ ရှိတာကြောင့် အရင်က ဖြစ်ခဲ့ဖူးတဲ့ ကူးစက် ရောဂါတွေဖြစ်တဲ့ SARS၊ H1N1 (2009)၊ MARS ရောဂါတွေထက် သေဆုံးနှုန်း နည်းတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ပြီးတော့ ရောဂါကူးစက်ခံရသူဦးရေဟာ ဟူဘေးပြည်နယ်လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတာကို တွေ့ရတယ် လို့လည်း ပြောပါတယ်။

ဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ ဒီ COVID 19 ဟာ ရောဂါကြောင့်သေဆုံးမှုနှုန်း အလွန် မမြင့်မားပေမယ့် ရောဂါဖြစ်ပွားသူတယောက်ဆီက တခြားဖြစ်နိုင်ခြေရှိတဲ့သူတွေဆီကို ကူးစက်ပျံ့နှံ့မှု အခြေခံနှုန်း (R0) တန်ဖိုးအင်မတန်များတာကြောင့် ရောဂါကူးစက်နှုန်း မြင့်မားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

အခု COVID 19 ကူးစက်ရောဂါရဲ့ ရောဂါဖြစ်ပွားမှု နောက်ခံအကြောင်းအရင်းနဲ့ ရောဂါ ဖြစ်ပွားပုံအဆင့်ဆင့်ကို အခုအချိန်မှာ သေသေချာချာမသိသေးဘဲ သုတေသနတွေ ဆက်လုပ် နေတုန်း ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အလေးထားစဉ်းစားသလို တရုတ်နဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ လူသားချင်းစာနာမှု၊ နိုင်ငံရဲ့စီးပွားရေးတို့ကို ဘက်ပေါင်းစုံက ချင့်ချိန်စဉ်းစားပြီး တင်းကြပ်ကန့်သတ်မှု အတိုင်းအတာတခုအထိပဲ ဆောင်ရွက်ခဲ့လို့ ကျေးဇူးတင်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနဲ့တရုတ်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်လို့ အပြန်အလှန် သတင်းအချက်အလက် ဖလှယ်တာနဲ့ တုံ့ပြန်ဆောင်ရွက်တာတို့ကို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပြီး မြန်မာသမ္မတကြီးက စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့ခဲ့သလို  မြန်မာက ဆန်နဲ့ စားသောက်ဖွယ်ရာတွေ၊ အလှူငွေတွေ လှူဒါန်းခဲ့တဲ့အတွက် အထူး ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်မှာ ရောဂါစဖြစ်ပွားတဲ့အချိန်ကစလို့ တရုတ်တနိုင်ငံလုံးရဲ့ အင်အားကို စုစည်းပြီး ပြည်နယ် ၁၉ ခုလုံးက ဟူဘေးပြည်နယ်ကို လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ဆရာဝန်၊ သူနာပြုတွေ စုစည်းပြီး အားလုံးဝိုင်းဝန်းကူညီခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ကူးစက်ရောဂါဟာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကိုမဆို ကူးစက်နိုင်တာဖြစ်လို့ နိုင်ငံတွေအကြား အေးအတူပူအမျှ စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရောဂါကို တိုက်ထုတ်အနိုင်ယူ နိုင်မယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ပညာရှင်တချို့က ဒီရောဂါဟာ တိရိစ္ဆာန်တွေက တဆင့်ကူးစက်တယ်လို့ သုံးသပ်ထားတာ ကြောင့် တရုတ်နိုင်ငံမှာ တိရိစ္ဆာန်တွေ ရောင်းဝယ်သယ်ဆောင်တာကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ ထားပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာလည်း တောရိုင်းတိရစ္ဆာန်ရောင်းဝယ်တာကို တိုက်ဖျက်ရန် အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ချင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားတုန်းက ဆေးနဲ့ ဆေးပစ္စည်းတွေ ကူညီခဲ့တာအတွက် ကျေးဇူးတင်ပြီး တိရစ္ဆာန်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်တားဆီးရေးအတွက် တောရိုင်းတိရစ္ဆာန်တွေနဲ့ပတ်သက်လို့ အထူးကြပ်မတ် ဆောင်ရွက်ဖို့ လိုမယ်လို့ ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ပြီးတော့ တရုတ်နိုင်ငံဟာ အင်မတန် တောင့်တင်းခိုင်မာတဲ့ ပြည်သူ့ကျန်းမာရေးကွန်ယက်နဲ့ အဆင့်မြင့်တဲ့ အရည်အသွေးပြည့်ကုသတာတွေပေးနိုင်တဲ့ ဆေးရုံကြီးတွေ အများကြီးရှိတာကြောင့် အခုဖြစ်နေတဲ့ COVID 19 ကူးစက်ရောဂါဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်မယ် ယုံကြည်ကြောင်းလည်း ပြောခဲ့ပါတယ်။

တရုတ် သံအမတ်ကြီးဟာ  လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013