DVB Logo
Home
မြန်မာသတင်း
တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှုလျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်
DVB
·
February 15, 2020
တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှုလျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်
Donate to DVB

‘မဲဆွယ်ပြုံး’ သရော်စာ ရေးသားဖော်ပြတဲ့အတွက် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) နဲ့ တရားစွဲခံရတဲ့ တနင်္သာရီဂျာနယ်အမှုအား အပြစ်ရှိကြောင်း ထားဝယ်မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် ဂျာနယ်ဘက်က ပြင်ဆင်မှု လျှောက်ထားတာကို တိုင်းဒေသကြီး တရားလွှတ်တော်က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပလပ်လိုက်ပါတယ်။

ထားဝယ်မြို့နယ်တရားရုံးက သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)အရ တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာအပေါ် ဒဏ်ငွေ ၅ သိန်း ပေးဆောင်စေရန်၊ သို့မဟုတ် မဆောင်ပါက အလုပ်နဲ့ ထောင်ဒဏ် ၆ လကျခံစေဖို့ ချမှတ်တဲ့အမိန့်အပေါ် ဂျာနယ်ဘက်က ပြင်ဆင်မှု လျှောက်ထားတာပါ။

ပြင်ဆင်မှု လျှောက်ထားသူဘက်က ‘မဲဆွယ်ပြုံး’ သရော်စာဟာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား ရည်ညွှန်းပြီး ရေးသားခြင်း မဟုတ်ကြောင်း၊ ကာတွန်းမောင်ဝဏ္ဏရဲ့ ဇာတ်ကောင် ရှင်ဂွမ်းဂွိကို အသုံးပြုပြီး လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူထုလူတန်းစားအသီးသီးရဲ့ လွဲချော်တာတွေ၊ ဖောက်ပြန်တတ်တဲ့ သဘာဝတွေကို ဟာသရသနဲ့ ဝေဖန်ရေးသားတာလို့ ထုချေတင်ပြခဲ့တယ်။

ပြင်ဆင်မှု လျှောက်ထားတဲ့ ထွက်ချက်အရ မဲဆွယ်ပြုံး ဇာတ်ကောင် ရှင်ဂွမ်းဂွိဟာ ဒေါက်တာလဲ့လဲ့မော်ကို ရည်ညွှန်းတယ်လို့ ပေါ်ပေါက်နေကြောင်း၊ သရော်စာပါ ရေးသားချက်တွေဟာ အရှက်ရအောင်၊ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ရေးသားဖော်ပြခြင်းဖြစ်တဲ့အတွက် အဆိုပါရေးသားချက်ဟာ ဒေါက်တာလဲ့လဲ့မော်နဲ့ အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေတဲ့ ရေးသားချက်ဖြစ်ကြောင်း၊ ရေးသားသူ မူးဆေးအိုးအနေနဲ့ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)အရ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက “ထားဝယ်မြို့နယ်တရားရုံးက ပြင်ဆင်မှုလျှောက်ထားသူ ဦးမျိုးအောင်ကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ ပြစ်မှုထင်ရှားပြီးတော့ ဒဏ်ငွေ ၅ သိန်း ပေးဆောင်စေဖို့ ချမှတ်တဲ့အမိန့်နဲ့ ယင်းအမိန့်ကို အတည်ပြုတဲ့ ထားဝယ်ခရိုင် တရားရုံးအမိန့်တွေဟာ ဥပဒေအရ မှားယွင်းမှုမရှိကြောင်း သုံးသပ်ပြီးတော့ ပြင်ဆင်မှုကို ပလပ်ခြင်းပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တနင်္သာရီဂျာနယ်မှ ‘မဲဆွယ်ပြုံး’ သရော်စာကို ရေးသားသူ ကလောင်ရှင်မူးဆေးအိုးမှာ မည်သူမည်ဝါဖြစ်သည်ကို ဂျာနယ်တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးမျိုးအောင်က တရားရုံးမှာ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ အမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှု ထပ်တက်မယ်လို့ ပြောပါတယ်။

“ပလပ်လိုက်တာနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က ဥပဒေအကြောင်းအရရော၊ အကြောင်းအခြင်းအရာအရရော ချေပခဲ့ပေမယ့် ရုံးတော်မှ ဒီလိုမျိုး အမိန့်ချတာနဲ့ပတ်သက်ပြီး စိတ်မကောင်းဘူးပေါ့နော်၊ ဒါပေမဲ့ ကိုယ် လုပ်စရာရှိတာတွေ ဆက်လုပ်ရမယ်” လို့ ဦးမျိုးအောင်က ဆိုပါတယ်။

တနင်္သာရီအပတ်စဉ်ဂျာနယ်အတွဲ ၅၊ အမှတ် ၁၇ ပါ ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” သရော်စာ ရေးသားဖော်ပြချက်မှာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ထိခိုက်နစ်နာစေတယ်ဆိုပြီး တိုင်အစိုးရအဖွဲ့ရုံး ဒုတိယညွန်ကြားရေးမှူး ဦးအေးလူက တနင်္သာရီဂျာနယ်တာ၀န်ခံ အယ်ဒီတာဦးမျိုးအောင်အား သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) နဲ့ ထားဝယ်မြို့နယ်တရားရုံးမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက တရားစွဲဆိုခဲ့တာပါ။

တစ်နှစ်ကျော်အကြာ အမှုဆိုင်ရင်ပြီးနောက် ထားဝယ်မြို့နယ်တရားရုံးက ၂၀၁၉ နှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဒဏ်ငွေ ၅ သိန်းကျပ်ပေးဆောင်ဖို့ အမိန့်ချခဲ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအပေါ် ဂျာနယ်ဘက်က မျှတမှု မရှိဘူးဆိုပြီး ထားဝယ်ခရိုင်တရားရုံးကို မတ်လ ၁၃ ရက်နေ့မှာ ပြင်ဆင်မှု လျှောက်ခဲ့ရာ ထားဝယ်မြို့နယ် တရားရုံးက စီရင်ချက်နဲ့ အမိန့်ကို အတည်ပြုပြီး အယူခံ လျှောက်ထားမှုကို ပလပ်ခဲ့ပါတယ်။ 

ဒီနောက် ဂျာနယ်ဘက်က ၂၀၁၉ ခုနှစ် ဇွန် ၃ ရက်မှာ ပြင်ဆင်မှု ထပ်မံ လျှောက်ထားခဲ့တဲ့အပေါ် တိုင်းတရားလွှတ်တော်က လက်ခံခဲ့ပြီး အောက်တိုဘာ ၁၈ နေ့မှာ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီးနောက် မနေ့က ထပ်မံ ပလပ်လိုက်တာပါ။

တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013