
ဘိုလီးဗီးယားနဲ့ ဘရာဇီးလုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ဘရာဇီးရဲ့ အဓိက ဒုစရိုက်ဂိုဏ်းကြီးတွေဖြစ်တဲ့ First Capital Command (PCC) ဂိုဏ်းနဲ့ ကိုမန်ဒို ဗာရ်မယ်လ်ဟို ဂိုဏ်းတို့က ခေါင်းဆောင်ပိုင်း ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘိုလီးဗီးယား အာဏာပိုင်တွေက စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
ဒီဖမ်းဆီးမှုကို ဆန်တာ ခရူးဇ် ဒီလာ ဆီယဲရား မြို့မှာ “နယ်စပ်လုံခြုံရေး စီမံကိန်း” အောက်ကနေ လုပ်ဆောင်ခဲ့တာလို့ ဘိုလီးဗီးယား အစိုးရဝန်ကြီး မားရ်ကို အန်တိုးနယို အိုဗီယေးဒိုးက ပြောပြပါတယ်။
ဖမ်းဆီးရမိသူတွေထဲက တယောက်ကတော့ “အန်ဂျေလီကင်းညား” လို့ လူသိများတဲ့ မာတူ ဂရော့ဆူ ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ကိုမန်ဒို ဗာရ်မယ်လ်ဟို ဂိုဏ်းရဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ သူ့ကို စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ ဖမ်းမိခဲ့တာပါ။
ဘရာဇီး အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သူမဟာ ၂၀၂၅ ခုနှစ်မှာ အမျိုးသမီးထောင်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ ဝရမ်းပြေးတယောက်ဖြစ်ပြီး လူသတ်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ရာဇဝတ်ဂိုဏ်း ထူထောင်မှု အပါအဝင် ပြစ်မှုတွေနဲ့ ဖမ်းဝရမ်း ၆ ခု ထုတ်ခံထားရသလို ထောင်ဒဏ် နှစ်ပေါင်း ၂၆၀ နီးပါး ကျခံဖို့ ကျန်ရှိနေသူ ဖြစ်ပါတယ်။
ဒါ့အပြင် “ဘီချင်းညူ” လို့ လူသိများတဲ့ PCC ဂိုဏ်းခေါင်းဆောင် ဟိုဘဲရ်တူ ပရီးတူ ဖီးလျူ ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ အိုဗီယေးဒိုးက ထပ်မံထုတ်ပြန်ပါတယ်။
အဲဒီလူဟာ ၂၀၂၂ ခုနှစ်က ဆန်းပေါလူးပြည်နယ် ထောင်တခုကနေ လွတ်မြောက်အောင် ကူညီကယ်ထုတ်ခံခဲ့ရပြီးကတည်းက ထွက်ပြေးလွတ်မြောက်နေသူ ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက် မှာပဲ ဆန်တာခရူးဇ်မှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











