DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မတွေ့သေးပေမယ့် အချိန်မရွေးပေါ်သဖြင့် ဘက်စုံပြင်ထားဟု ကျန်းမာရေးဝန်ကြီး ပြော
DVB
·
February 11, 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မတွေ့သေးပေမယ့် အချိန်မရွေးပေါ်သဖြင့် ဘက်စုံပြင်ထားဟု ကျန်းမာရေးဝန်ကြီး ပြော
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ရောဂါအတည်ပြုလူနာ တယောက်မှ မရှိသေးပေမယ့် အချိန်မရွေး အများကြီး ရုတ်တရက်ပေါ်လာနိုင်တာကြောင့် ဘက်စုံက ကြိုတင်ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တယောက်က မေးတာကို ဖြေရင်း ပြောခဲ့တာပါ။

“ဒီဟာက ကျနော်တို့နိုင်ငံမှာ မတွေ့ပေမယ့် အများကြီးစိုးရိမ်ရတယ်။ အချိန်မရွေး အများကြီး ဗြုန်းကနဲ ပေါ်လာနိုင်တယ်။ ဒါကို ကျနော်တို့သိနေရမယ်” လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ရောဂါပျိုးရက်က ၁၄ ရက်ကြာနိုင်တာကြောင့် လတ်တလောမှာ မတွေ့နိုင်ဘဲ အမြဲစောင့်ကြည့်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံကို လေဆိပ်ဝင်ပေါက်တွေကနေ ဝင်လာတာနည်းပေမယ့် ကုန်းလမ်းဝင်ပေါက် ၂၂ ခုရှိပြီး အဲဒီကနေ အများကြီးဝင်ရောက်နေလို့ အမြဲတမ်း စောင့်ကြည့်နေရတယ်လို့ ပြောပါတယ်။

ပြီးတော့ လူထုတွေအနေနဲ့ ရောဂါလက္ခဏာတွေရှိလို့ စောင့်ကြည့်ခွဲထားခံရမှာကို မကြောက်ကြဖို့လည်း ဝန်ကြီးက သတင်းစကားပါးပါတယ်။

“ဒီနေရာမှာ အကြောက်ရဆုံးကတော့ လူကနေ လူကိုကူးတာဖြစ်တဲ့အတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ ဒီနေရာမှာ ပြည်သူလူထုကို ပြောချင်တာက Quarantine (အသွားအလာ ပိတ်ပင်ကန့်သတ်တာ) လုပ်တာကို မကြောက်ကြပါနဲ့။ Quarantine, Isolation (သီးသန့်ခွဲထားတာ) က သူ့အတွက် ရောဂါဖြစ်လာရင် ချက်ချင်းကုသတော့ ရောဂါကောင်းသွားနိုင် ပါတယ်။ အကယ်ရွေ့ Quarantine အလုပ်မခံဘဲနဲ့ ဟိုလျှောက်ပြေး ဒီလျှောက်ပြေးနေလို့ ရှိရင်၊ ရှောင်နေလို့ရှိရင် သူကနေ တဆင့် သူ့ရဲ့ မိသားစုတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေကို ကူးသွားမယ် ဆိုရင် ထိန်းမနိုင် သိမ်းမရတဲ့ အခြေအနေဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အကွာအဝေး ၆ ပေလောက်အထိ ကူးနိုင်တာကြောင့် တခြားရောဂါတွေထက် တော်တော်ကို စိုးရိမ်စရာ ကောင်းတယ်လို့လည်း ပြောပါတယ်။ ဒီရောဂါကို လုံးဝ ပေါ့ပေါ့တန်တန်မထားဘဲ လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်နေသလို ဒီနေ့အထိ တယောက်မှ မတွေ့ဘူးလို့လည်း ဆိုပါတယ်။

ကမ္ဘာမှာတော့ ဒါကိုကုဖို့ သုတေသနတွေ အများကြီးလုပ်ကြရာမှာ အိပ်ချ်အိုင်ဗွီကုသဆေးနဲ့ ကုနိုင်တယ်ဆိုတာ တွေ့ရပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အတည်ပြုချက်တော့ မရသေးဘူးလို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

“ရမယ်ဆိုရင်တော့ ဒီဆေး ၃ မျိုးကိုလည်း ကျနော်တို့ဆောင်ထားပြီးပါပြီ။ ကျနော်တို့ကုဖို့။ ဒါကိုကုဖို့ ကျနော်တို့ရဲ့ အထူးကုဆရာဝန်တွေမှာ အရည်အချင်း အပြည့်အဝရှိပါတယ်။ ပြည်တွင်းမှာ အပြည့်အဝ လုပ်နိုင်ပါတယ်။ ဘယ်နိုင်ငံမှ ပို့စရာမလိုပါဘူး” လို့ ပြောပါတယ်။

ပြီးတော့ ကျန်းမာရေးဌာနအနေနဲ့လိုအပ်တဲ့ အဖွဲ့တွေ ဖွဲ့ထားပြီး လုပ်ဆောင်ရမယ့် လမ်းညွှန်တွေကိုလည်း သေသေချာချာပေးထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အဖွဲ့ဝင်နိုင်ငံတွေ ဘာလုပ်ရမယ်ဆိုတာကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပြီး မြန်မာနိုင်ငံကတော့ ဇန်နဝါရီ ၅ ရက်ကတည်းက စတင် လုပ်ဆောင်နေခဲ့တာလို့လည်း ပြောခဲ့ပါတယ်။

ဒီအတွက် ကျန်းမာရေးပညာပေး ပိုစတာပေါင်း ၂၂ မျိုးထုတ်ထားပြီး မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဓာတ်ခွဲစမ်းသပ်နိုင်တော့မယ်လို့ ပြောပါတယ်။

မနက်ဖြန်မှာ ပစ္စည်းတချို့ရမှာဖြစ်ပြီး စုစုပေါင်း အကြိမ် ၄၅၀ စာ စမ်းသပ်နိုင်မယ့် ထောက်ပံ့ပစ္စည်းတွေ ရမယ်လို့ ဆိုပါတယ်။

ဒီရောဂါကို စမ်းသပ်နိုင်တာက လက်ရှိ တကမ္ဘာလုံးမှာ ၁၅ နိုင်ငံပဲရှိသေးပြီး မြန်မာနိုင်ငံမှာ စလုပ်မယ်ဆိုရင်တော့ ဒီမှာစမ်းသပ်ထားတာကို တခြားနိုင်ငံက ဓာတ်ခွဲခန်းတခုခုကို ထပ်ဆင့် စစ်ဆေးဖို့ ပေးရမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဆေးရုံတွေက သီးသန့်ခန်းတွေအတွက် လိုအပ်တာတွေ ထပ်ပြီးပံ့ပိုးထားသလို အစိုးရက ကျပ်သိန်း ၃၀၀၀ အရေးပေါ်ရန်ပုံငွေ လျာထားပေးတယ်လို့ ဆိုပါတယ်။ ပြည်သူလူထုကလည်း လှူဒါန်းကြတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ရန်ကုန်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို တရုတ်နိုင်ငံက လေယာဉ် ၅ စီး၊ ခရီးသည်စုစုပေါင်း ၃၉၆ ယောက် ဝင်ရောက်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလုပ်တဲ့ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးက ပြောခဲ့ပါသေးတယ်။

ဒါကြောင့် လာမယ့်ဖေဖော်ဝါရီ ၂၀ ရက်မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်လုပ်မယ့် အစည်းအဝေးမှာ သက်ဆိုင်ရာလေကြောင်းလိုင်တွေနဲ့ နှီးနွယ်ဌာနတွေက ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို ဗဟိုကော်မတီက အကြံပြုထားတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေ အတိုင်း လိုက်နာဆောင်ရွက်ရေး ကျန်းမာရေးဌာနက တိုက်တွန်း ဆွေးနွေးမယ်လို့လည်း ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၁ ဦးအပါအဝင် လူနာ ၂၀ ကို သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၁၈ ဦး၊ ကူးစက်ခံရသူ ၄၃၁၀၂ ဦးနဲ့ ပျောက်ကင်းသက်သာသူ ၄၀၂၆ ဦး ရှိပြီလို့သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013