DVB Logo
Home
မြန်မာသတင်း
မှုခင်းသတင်းထောက် ဓာတ်ပုံရိုက် ခြိမ်းခြောက်မှု သမုတ်ကျေးရွာအုပ်ချုပ်ရေးမှူး သတင်းစာရှင်းလင်း
DVB
·
February 2, 2020
မှုခင်းသတင်းထောက် ဓာတ်ပုံရိုက် ခြိမ်းခြောက်မှု သမုတ်ကျေးရွာအုပ်ချုပ်ရေးမှူး သတင်းစာရှင်းလင်း
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်းက သမုတ်ကျေးရွာမှာ ဒေသခံတွေ လုပ်ကိုင်နေတဲ့ မီးသွေးဖိုလုပ်ငန်းကို မှုခင်းသတင်းထောက် ဆိုသူက ဓာတ်ပုံရိုက်ပြီး ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

မှုခင်းသတင်းထောက်ဆိုသူက ဓာတ်ပုံရိုက်ပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ ခြိမ်းခြောက်ခံရသူ သမုတ်ကျေးရွာနေ ဦးမျိုးချစ်က အခုလို ပြောပါတယ်။ 

“ဟိုဘက်ကနေ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်ပြီးတော့ ကျနော့်ကို မေးတယ်။ အုပ်ချုပ်ရေးမှူးကို တလ ဘယ်လောက်ပေးလဲ မေးတယ်။ တနှစ်အတွက် ခုနစ်သောင်းခွဲ ပေးတယ်လို့ ကျနော် ပြောတယ်။ တလ မဟုတ်ဘူး၊ တနှစ်ပေါ့။ ပေးတဲ့အချိန်မှာ ဓာတ်ပုံရိုက်ပြီးတော့ အမှုဖွင့်ရမလားဆိုပြီး ပြောတယ်။”

အဲဒီကျေးရွာအတွင်းမှာ မီးသွေးလုပ်ငန်း တရားဝင်လုပ်ကိုင်နေသူဦးရေ ၄၀ ဝန်းကျင်ရှိပြီး အခုလို သတင်းမီဒီယာနာမည် အသုံးပြုပြီး ဒေသခံတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်ဓာတ်ပုံရိုက် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလို လုပ်ရပ်အပေါ် ဒေသခံတွေက စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေတဲ့အတွက် တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့လည်း မြိတ်မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထင်လင်းအင်က ပြောပါတယ်။

“သတင်းမီဒီယာ နာမည်သုံးပြီးတော့ ကျေးရွာမှာ ခုလိုမျိုးပြုမူတာဟာ ကျေးရွာ အုပ်ချုပ်ရေးယန္တရားကို မထီမဲ့မြင်ပြုတဲ့အပြင် ကျေးရွာနေ ပြည်သူလူထုတွေရဲ့ ထိတ်လန့် ကြောက်ရွံ့မှုဖြစ်တဲ့အတွက် ကျနော်တို့ သတင်းဖော်ထုတ် ရရှိတဲ့အခါမှာ ရပ်ကျေးဥပဒေအရ ကျေးရွာဆူပူမှုဖြစ်အောင် လှုံ့ဆော်သူတွေကို ကျနော်တို့ ဥပဒေအရ ထိထိမိမိ အရေးယူ ဆောင်ရွက်မယ်ဆိုပြီး စခန်းမှူးနဲ့ တိုင်ပင်ထားပါတယ်။”

တနင်္သာရီတိုင်းအတွင်းမှာ မှုခင်းသတင်းထောက်အရေတွက် ၇၀ ဝန်းကျင်ရှိပြီး ပရဟိတသတင်းအဖွဲ့ ဖြစ်တဲ့အတွက် ငွေကြေးတောင်းခံခြင်း မရှိသလို အဖွဲ့က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆောင်ရွက်နေတယ်လို့ ရှုထောင့်မှုခင်း သတင်းဂျာနယ် တိုင်းတွဲဖက်တာဝန်ခံ-၁ ဦးစန်းလွင်က ပြောပါတယ်။ 

“ကျနော်တို့ အဖွဲ့ဝင်တွေ ပြောချင်တာက အဖွဲ့ဝင်စည်းကမ်းတွေ သတ်မှတ်ထားတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်ကို လုပ်ရင် အလိုအလျောက် အဖွဲ့ထဲက ပယ်ထုတ်မယ်လို့ ကတ်ထဲမှာလည်း ရှိတယ်။ ကျနော်တို့အဖွဲ့ထဲ ဝင်တာ သူများကို ဒုက္ခပေးဖို့ မဟုတ်ဘူး။ ကျနော်တို့က ပရဟိတစိတ်ဓာတ်နဲ့ အခက်အခဲ ဒုက္ခဖြစ်နေတဲ့ ပြည်သူလူထုတွေ မပေါက်ရောက်နိုင်၊ မပြောဆိုနိုင်တဲ့ အရာတွေကို ကျနော်တို့က သတင်းတွေယူပြီး သတင်းတင်ပြီး ပြည်သူလူထုအတွက် ကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်တာ ဖြစ်ပါတယ်။ ကျနော်တို့က ပရဟိတစိတ်ဖြစ်တဲ့အတွက် အခုအချိန်အထိ ဘယ်သူ့ဆီကမှ တပြား တချပ်မှ တောင်းခံခြင်း မရှိပါဘူး။”

မြန်မာနိုင်ငံနေရာအနှံ့မှာ မှုခင်းသတင်းထောက်အဖွဲ့တွေက သတင်းမီဒီယာနာမည် အသုံးပြုပြီး ဒေသခံတွေ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ခြိမ်းခြောက်ငွေကြေး တောင်းခံတာ တရားမဝင်လုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ပတ်သက်နေတာနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ပြောဆိုခဲ့တာလည်း ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း အဲဒီအဖွဲ့ကို မီဒီယာကျင့်ဝတ် ဖောက်ဖျက်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

အဲဒီမြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို ပြည်ထဲရေးဝန်ကြီးဌာနက အငြိမ်းစားယူခဲ့တဲ့ ရဲအရာရှိဟောင်းတွေက နာယကအနေနဲ့ ပါဝင်ပြီး ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ 

အောင်ကျော်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013