DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ လုံးဝမရှိသေးဟု တာဝန်ရှိသူများ ပြော
DVB
·
January 25, 2020
မြန်မာနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ လုံးဝမရှိသေးဟု တာဝန်ရှိသူများ ပြော
Donate to DVB

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သံသယလူနာ မြန်မာနိုင်ငံမှာ လုံးဝမရှိသေးဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါ Novel Coronavirus(2019-nCov) ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အပြီးမှာ တာဝန်ရှိသူတွေက အခုလို ပြောကြားခဲ့တာပါ။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတင်းတွေ ထွက်ပေါ်နေတဲ့ တရုတ်အမျိုးသမီးတဦး နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတာ မဟုတ်မှန်ဘဲ ဆေးရုံမှာ ကုသမှုခံယူပြီး ဆင်းသွားပြီလို့ ပြောပါတယ်။

“ရန်ကုန်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်  သံသယလူနာမရှိသေးပါဘူး။ ရန်ကုန်ဆေးရုံကြီးမှာ အခု Hot နေတယ်ဆိုတဲ့ အသက် ၃၀ ဝန်းကျင် တရုတ်အမျိုးသမီးဟာဆိုရင် ဖျားတယ်၊ အန်တယ်၊ နောက် ဗိုက်နာတယ် သူ့ရဲ့လက္ခဏာက ဒါပဲနော်။ နောက်တခုက သူက ဝူဟန်မှာ နေခဲ့ခြင်း မရှိဘူး။ ဝူဟန်က နှစ်ပတ်အတွင်း ပြန်လာတာလည်း မရှိဘူး။ ဒီလက္ခဏာတွေဟာ အခုလက်ရှိ တရုတ်မှာ စဖြစ်တဲ့ နမိုးနီးယားရောဂါရဲ့ လက္ခဏာတွေနဲ့ ကိုက်ညီခြင်း မရှိပါဘူး။ မရှိတဲ့အတွက်ကြောင့် မနေ့က ဆေးရုံတက်တယ်။ ဒီနေ့ ဆေးရုံက ပေးဆင်းလိုက်ပါပြီ။ အဲဒါကြောင့် ဒီမြန်မာနိုင်ငံမှာ အခုထက်ထိ သံသယလူနာ မရှိသေးကြောင်း ရဲရဲရင့်ရင့် ပြောပါရစေ” လို့ ပြောပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီးမှ အပူပိုင်းနှင့် ကူးစက်ရောဂါဆေးပညာဌာန ပါမောက္ခဒေါက်တာ ဒေါ်စံပယ်ဖြူက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် စောင့်ကြည့်တဲ့ လုပ်ငန်းတွေ လုပ်နေတယ်လို့ ပြောပါတယ်။

“အခုအချိန်မှာတော့ မကူးစက်အောင် လုပ်တဲ့နည်းလမ်းတွေ အားလုံးကတော့ စောင့်ကြည့်တဲ့လုပ်ငန်းရှိမယ်၊ ပြင်ဆင်ထားတယ်။ လူနာကို သံသယရှိတယ် ဆိုကတည်းက လူနာကို ထိန်းသိမ်းထားမယ်၊ စောင့်ကြည့်မယ်၊ သီးသန့်လူနာ၊ ကုလည်းကုပေးမယ်၊ သေချာခဲ့ရင်လည်း အဆင့်ဆင့် report လုပ်မယ်၊ ဒီနေ့ ဒီရက်ထိ တယောက်မှ မရှိသေးတဲ့အတွက် ကျမတို့ဘက်က သေချာပါတယ်။ အခုချိန်ထိ မကူးစက်ခံရသေးပါဘူး။ ကာကွယ်ဆေးရှိလားဆို မရှိသေးပါဘူး။ ကုသမှုဆေးရော ရှိပါသလားဆို ဒီရောဂါအတွက်ဆို အခုချိန်ထိ မရှိသေးပါဘူး။ သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။ ဒီအတိုင်း ရိုးရိုးတုပ်ကွေးရောဂါတွေလောက်ပဲ ရှိပါတယ်။ ပြင်းထန်အဆုတ်ရောင်ရောဂါတွေမှာ ပုံမှန်ရောဂါရဲ့ ကူးစက်မှုနှုန်းလောက်ပဲ ရှိမယ်။”

လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေက ဝင်လာတဲ့ ခရီးသည်တွေကို အဖျားတိုင်းတာတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“WHO ကနေ ဝူဟန်မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေတယ်ဆိုတာ သတင်းရရှိတာနဲ့ ကျမတို့နိုင်ငံရဲ့ လေဆိပ်ပေါ့၊ လာတဲ့ခရီးသည်မှာ အဖျားလက္ခဏာရှိတယ်ဆိုရင် ဝူဟန်မှာ နေခဲ့သလား၊ ဝူဟန်ကနေ နှစ်ပတ်အတွင်း လာခဲ့သလား၊ ဒီလိုမျိုးသူ့ရဲ့ History ကို မေးပါတယ်။ ပြီးရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိ မရှိ၊ ဖျားတယ်၊ ချောင်းဆိုးတယ်၊ နှာစေးတယ်။ အဲလိုမျိုးတွေပေါ့နော်။ ဒီလိုလက္ခဏာမျိုးတွေ ရှိ၊ မရှိ ကြည့်ပါတယ်။ တကယ်လို့ သံသယလူနာ တွေ့ရှိတယ်ဆိုရင် လေဆိပ်မှာ အရေးပေါ်လူနာတင်ယာဉ်တွေ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ဒီအရေးပေါ်လူနာတင်ယာဉ်အဖွဲ့ ဖွဲ့စည်းပြီး ပြည်သူလူထုကို ထိတွေ့စရာမလိုဘဲနဲ့ အနီးစပ်ဆုံးလမ်းကနေပြီးတော့ ဆေးရုံကြီးတွေကို ပို့ပေးနိုင်ဖို့အတွက် စီစဉ်ထားပြီး ဖြစ်ပါတယ်။”

ရန်ကုန်မှာ ဝေဘာဂီဆေးရုံကြီး၊ မန္တလေးမှာ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်မှာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွေကို လူနာလွှဲပြောင်းဖို့အတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေဆိပ်တွေ ဝင်ထွက်နေတဲ့ သင်္ဘောတွေကို စောင့်ကြပ် ကြည့်ရှုတာတွေအပြင် မူဆယ်၊ မြဝတီ၊ တာချီလိတ် အပါအဝင် နယ်စပ်မြို့တွေကနေ ဖြတ်ကျော်ဝင်ရောက်လာတာတွေကိုလည်း စစ်ဆေးနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဇန်နဝါရီ ၂၃ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာတဝန်းမှာ ရောဂါဖြစ်သူ ၅၈၁ ယောက်ရှိပြီး တရုတ်မှာ ၅၇၄ ယောက်၊ ထိုင်းမှာ ၄ ယောက်၊ ဂျပန်မှာ ၁ ယောက်၊ တောင်ကိုးရီးယားမှာ ၁ ယောက်နဲ့ အမေရိကန်မှာ ၁ ယောက် တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ ဓာတ်ခွဲအတည်ပြု လူနာတွေထဲက ၁၇ ယောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013