
ဂျာမနီနိုင်ငံအနောက်ပိုင်း စင်းဇစ်ဂ်မြို့က ငွေစုဘဏ်ခွဲတခုမှာ လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး သံသယရှိသူဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့က မေ ၈ ရက်မှာ ပြောပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ ဘဏ်အတွင်းကို ဝင်ရောက်စီးနင်းချိန်မှာတော့ အခန်းတခုထဲမှာ ပိတ်မိနေသူ ၂ ယောက်ကို တွေ့ရှိခဲ့ပါတယ်။
အခုလောလောဆယ်တော့ ဒီလူ ၂ ယောက်ဟာ နစ်နာသူတွေလို့ ယူဆထားကြောင်း ကိုဘလန့်ဇ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယွာဂန်ဖှာချင်ဂါက သတင်းထောက်တွေကို ပြောပါတယ်။
ဘဏ်အဆောက်အအုံထဲမှာ တခြားဘယ်သူ့ကိုမှ မတွေ့ရတော့သလို၊ သံသယရှိသူတွေလည်း ရှိမနေတော့ပါဘူးလို့ ပြောပါတယ်။
ငွေသယ်ယာဉ်မောင်း အပါအဝင် ဓားစာခံတွေအားလုံး ပြန်လွတ်မြောက်လာသလို ထိခိုက်ဒဏ်ရာရသူလည်း မရှိဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
သောကြာနေ့အစောပိုင်းက ဓားစာခံဖမ်းမှု ဖြစ်ပွားနေချိန်မှာ ကျူးလွန်သူ တယောက်ထက် ပိုနိုင်တယ်လို့ ရဲဘက်က ယူဆထားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ ကျူးလွန်သူတွေဟာ အခင်းဖြစ်ပွားပြီးပြီးချင်းမှာပဲ ဘဏ်ကနေ ထွက်ခွာသွားတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
ဓားစာခံတွေနဲ့ အစောပိုင်းမှာ အဆက်အသွယ်မရခဲ့တာကြောင့် အခြေအနေကို အတည်ပြုဖို့ ခက်ခဲခဲ့တာဖြစ်ပြီး၊ အခုအခါမှာတော့ မြေပြင်စစ်ဆင်ရေးကို ခေတ္တရပ်နားလိုက်ပြီ ဖြစ်ပါတယ်။
ပြန်လွတ်လာသူတွေဟာ လက်ရှိမှာ ထိတ်လန့်တုန်လှုပ်ဆဲဖြစ်လို့ သူတို့ကို အသေးစိတ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
ဖှာချင်ဂါက “သူတို့ကို မေးမြန်းပြီးလို့ တရားခံရဲ့ ပုံစံအချက်အလက်တွေ ရပြီဆိုရင်တော့ အများပြည်သူ သိအောင် ထုတ်ပြန်ပေးသွားမှာပါ” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မှုခင်းဆေးပညာဆိုင်ရာ သက်သေအထောက်အထားတွေ စုဆောင်းဖို့အတွက် ဘဏ်ဝန်းကျင် နယ်မြေအတော်များများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။ စစ်ဆေးမှုတွေ ပြီးစီးသွားရင်တော့ ပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။










