DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တရုတ်က ကန်ဒေါ်လာ သန်း ၅၈၀ ကျော် ကူညီမည်
DVB
·
January 19, 2020
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တရုတ်က ကန်ဒေါ်လာ သန်း ၅၈၀ ကျော် ကူညီမည်
Donate to DVB

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လာမယ့် ၃ နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် ယွမ် ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၈၀ ကျော်) ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပြီး နှစ်နိုင်ငံ ဆောင်ရွက်ချက်တွေကို အပြန်အလှန် ထောက်ခံခဲ့ကြပါတယ်။ 

မနေ့က နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ၁၇ နဲ့ ၁၈ ရက်တို့မှာ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး လာရောက်ခဲ့တာပါ။

ဇန်နဝါရီ ၁၇ ရက်က သမ္မတအိမ်တော်မှာကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေက နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ပိုပြီးတိုးတက်ကောင်းမွန်စေဖို့ မြန်မာ-တရုတ် နှစ်နိုင်ငံနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေတိုးမြှင့်သွားကြဖို့ ဆန္ဒရှိတာကို ထုတ်ဖော်ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် တရုတ်သမ္မတ ရှီကျင့်ဖျင် ခေါင်းဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ နိုင်ငံရေးပါတီ ၁၇ ဖွဲ့က ဥက္ကဋ္ဌတွေ၊ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို ခင်းကျင်းပြသထားတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ဆယ်စုနှစ် ၇ ခုအတွင်း နှစ်နိုင်ငံ အပြန်အလှန်ခရီးစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံတွေကို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ကြည့်ရှုခဲ့ပါတယ်။

ပြီးတော့ နှစ်နိုင်ငံသမ္မတတွေဟာ မြန်မာ-တရုတ် ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှစ် စတင်တဲ့ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဦးဆောင်ပြီး နှစ်နိုင်ငံ ဆွေးနွေးပွဲကို ပြုလုပ်ပြီး လက်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးကို နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ဖို့ အေးအတူပူအမျှ ဆက်ဆံရေး အဆင့်ကို တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအကြား ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းတွေ အခြေခံအဆောက်အအုံစီမံကိန်းတွေပါဝင်တဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်တာ မြှင့်တင်ရေး စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာနိုင်ငံ အစိုးရရဲ့ ကြိုးပမ်းနေတာကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ခေါင်းဆောင် ၂ ယောက်က ထပ်လောင်းကတိပြုခဲ့ကြပြီး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို လာမယ့် ၃ နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအဖြစ် ယွမ် ၄ ဘီလီယံကို ပေးအပ်သွားမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။

ဆွေးနွေးမှုအပြီးမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ် သမ္မတတို့ဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာတွေနဲ့ စာလွှာတွေ လဲလှယ်ပွဲ ကိုလည်း တက်ရောက်ခဲ့ကြပါတယ်။

ခရီးစဉ်အပြီးမှာ နှစ်နိုင်ငံ ပူးတွဲသတင်းထုတ်ပြန်ချက်တရပ်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံ အခြေအနေနဲ့ကိုက်ညီတဲ့၊ နိုင်ငံရဲ့တရားဝင်ရပိုင်ခွင့်နဲ့အကျိုးစီးပွားတို့ကို ကာကွယ်တဲ့၊ နိုင်ငံတကာ စာမျက်နှာမှာ နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံက ရွေးချယ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တရုတ်နိုင်ငံက အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်တနိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာထောက်ခံပြီး တရုတ်နိုင်ငံက ခွဲထွက်လို့ မရတဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ ထိုင်ဝမ်၊ တိဗက်နဲ့ ရှင်းကျန့်ကိစ္စတို့ကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းတာကို ထောက်ခံအားပေးတဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်ကို “မြန်မာ-တရုတ် ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှစ်” အဖြစ် သတ်မှတ်သွားရေး၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားတွေ ပူးတွဲကျင်းပသွားနိုင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သာသနာရေးနဲ့ သတင်းမီဒီယာကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေး စတာတွေကိုလည်း သဘောတူခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013