DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
January 19, 2020
Donate to DVB

လျှပ်စစ်မီးရရှိပြီး အမှောင်ကျနေတဲ့ကျေးရွာ

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် နရွဲချောင်ကျေးရွာမှာ မကြာသေးခင်က လျှပ်စစ်မီးရရှိခဲ့ပါတယ်။ ထိုသို့ လျှပ်စစ်မီးရရှိတဲ့အခါ တခြားရွာတွေမှာ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး တတ်ကျွမ်းတဲ့သူကို လျှပ်စစ်မီးလိုင်းအောက်တဲ့အခါ အဖွင့်အပိတ်ပြုလုပ်ပေးခြင်း၊ ရွာထဲရှိ လမ်းမီးမျာ းအဖွင့်အပိတ်ပြုလုပ်ပေးခြင်း၊ မီးလုံးများကျွမ်းရင် အသစ်တပ်ဆင်ပေးခြင်းများ ပြုလုပ်သူအဖြစ် ခန့်အပ်ထားပါတယ်။ ကျနော်တို့ရွာမှာတော့ အရင်ကခန့်အပ်ပြီး အခုတော့ မခန့်အပ်တော့ပါ။ ဒါကြောင့် အခုဆိုရင် လျှပ်စစ်မီးလိုင်းအောင်ရင် အမှောင်ထဲ ဒီတိုင်းနေရပါတယ်။ လမ်းမီးများ မဖွင့်ပေးခြင်း၊ မီးလုံးကျွမ်းများ အသစ်လဲလှယ်ပေးခြင်း မရှိတာကြောင့် ညဘက်လမ်းသွားသူတွေ အမှောင်ထဲ အခက်တွေ့နေပါတယ်။ လျှပ်စစ်မီးရရှိပြီး ရွာကအမှောင်ကျနေပါတယ်။ ထိုပြဿနာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိသောကြောင့် သက်ဆိုင်ရာလျှပ်စစ်လူကြီးမင်းများ သိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

–စိုးသူ

ယာဉ်ကြော အမြဲပိတ်နေသည့် သံသုမာလမ်းမကြီး

ကျိုက္ကဆံ စူပါဝမ်းရှေ့၊ သံသုမာ လမ်းမကြီးမှာ ပုဂ္ဂလိက  ကိုယ်ပိုင်ကျောင်း ကြိုပို့ကားများ ၂ ထပ်ရပ်ခြင်းကြောင့် နေ့စဉ်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှု  ဖြစ်နေပါသည်။ ယာဉ်ကြောလာရှင်းသည့် တာဝန်ရှိသူများ လာရောက်ကြသော်လည်း အမြဲ ပိတ်ဆို့နေပါ၍ သက်ဆိုင်ရာ အထက်လူကြီးများ သိရှိအောင်  ဆောင်ရွက်ပေးနိုင်ပါရန် ပြောပေးစေလိုပါသည်။

–ထင်လင်းအောင်

ညောင်ခါးရှည်လမ်းဆုံ၌ တောင်းစားနေသူများအား တားမြစ်ပေးပါ

ဝေါမြို့၊ ဒိုက်ဦးမြစ်ကျိူး ညောင်ခါးရှည်လမ်းဆုံမှာ ညစဉ်ညတိုင်း လာသမျှ သစ်ကား၊ နွားကား၊ မှောင်ခိုကား၊ without ကားတွေကို အဖွဲ့စုံကြေးဆိုပြီး သတင်းထောက်တွေ ထောက်လှမ်းရေး အင်ဖေါ်မာသတင်းပေးတွေနဲ့ ရဲတွေက တောင်းစားနေကြတယ်ဗျာ။ ခုလိုမျိူး လုပ်နေတာကို တားမြစ်မဲ့သူ မရှိတော့ဘူးလားဗျာ။ ဝေါမြို့နယ်မှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးလား။ လုပ်ချင်တိုင်းလုပ်နေကြရင် ဝေါမြို့ကြီး ပျက်စီးသွားပါလိမ့်မယ်။ ပြောပေးပါဦး ဒီဗွီဘီရေ။

–မောင်

အမှိုက်ပစ်သူကို သိရှိရန် ရန်ကုန် နောက်ဖေးလမ်းကြားများထဲ စီစီတီဗွီကင်မရာ တပ်ပေးပါ

ရန်ကုန်တိုင်းက မြို့ထဲရှိ တိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းကြားတွေမှာ စီစီတီဗွီကင်မရာတွေ တပ်ရင် အမှိုက်ပစ်တဲ့ တိုက်ခန်းကို မသိရဘူးလား။ အုပ်ချုပ်ရေးမှူးရုံးမှာ တပတ်တခါ ပြန်ကြည့်ရင် မကောင်းဘူးလားလို့။ ရန်ကုန်တိုင်း ဝန်ကြီးကို ပြောပေးပါဗျာ။

–မျိုးမင်းကျော်

လွတ်လပ်ရေးကျောက်တိုင်ကြီး မူလနေရာ ပြန်ထားပေးပါ

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့လမ်းဆုံမှာ ယခင်က ရွှေကြန့်မာလာပန်းခြံဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီပန်းခြံထဲမှာ ပါလီမန်အစိုးရလက်ထက်မှစ၍ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်ကြီး ရှိခဲ့ပါတယ်။ စစ်အစိုးရလက်ထက် ၁၉၉၅/၉၆ ခုနှစ်လောက်မှာ အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကြီးကို မြို့စွန်ကို ရွှေ့ပစ်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ မြို့ခံလူထုက ထောက်ကြန့်မြို့လယ်လမ်းဆုံမှာ ယခင်ထားရှိခဲ့တဲ့ "မူလ"နေရာမှာ ပြန်လည်စိုက်ထူပေးဖို့ ရန်ကုန်တိုင်းအစိုးရထံ လိပ်မူပြီး တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ထောက်ကြန့်လမ်းဆုံ လမ်းလယ်ကျွန်းနေရာတွင် ပြန်လည်ပြောင်းရွှေ့ခွင့်ပြုပြီး ဖြစ်သည်မှာ နှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ ပြောင်းရွှေ့ပေးခြင်းမရှိဘဲ ကြန့်ကြာနေပါသဖြင့် လွတ်လပ်ရေးကျောက်တိုင်ကြီးအား မူလနေရာမှန်သို့ မူလအနေအထားအတိုင်း အမြန်ဆုံးပြန်လည် ပြောင်းရွှေ့ပေးပါရန် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

–ရတနာသိင်္ဂီ

ကူမဲမြို့က စည်းကမ်းမဲ့ ကျောက်သယ်ယာဉ်များ 

ကူမဲမြို့၊ မန်မော် ကင်တာဆည်သွားတဲ့ လမ်းမှာ တရားမဝင်ကျောက်ထုတ် လိုင်စင်မဲ့ ကျောက်သယ်ယဉ်တွေက စည်းမဲ့ကမ်းမဲ့မောင်း၊ လမ်းတွေ့က ပျက်စီးပြီး ဆိုင်ကယ်တောင် ကောင်းကောင်း သွားမရတော့ပါဘူး။ ကျောင်းတက်တဲ့ ရွာတွေက ကလေးတွေ အခက်အခဲကြုံနေရပါတယ်။ ကျောင်းသွားကျောင်းပြန် ကားလမ်းတွေ ပျက်တာ ကျောက်သယ်တာ၊ မင်းမဲ့စရိုက် ကျောက်သယ်ကားတွေ မောင်းတာ၊ တရားမဝင်မိုင်းခွဲပြီး ကျောက်ထုတ်တာတွေကို ကူမဲ မြစ်သားအုပ်ချုပ်သူတွေက ဘာကြောင့်မသိတာလဲ ဘာကြောင့်မဖြေရှင်းတာလဲ တာဝန်ရှိသူများသိအောင် ကူညီပေးပါ။

–သားငယ်

ကောလင်းမြို့နယ် မြေနီရွာက ကြက်ခြံအနံ့ဆိုးများကြောင့် ဘေးပတ်ဝန်းကျင်နေသူများ ထိခိုက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် မြေနီရွာကပါ။ ရွာတွင်းမှာ တနိုင်တပိုင်မဟုတ်ဘဲ စီးပွားဖြစ် အလွန်အကျွံ ကြက်/ဝက် မွေးမြူလုပ်ကိုင်နေကြလို့ပါ။ ဘေးပတ်ဝန်းကျင်က သက်ကြီးရွယ်အိုများနဲ့ နှလုံးရောဂါရှိသူများမှာ အလွန်နံတဲ့ အနံ့ဆိုးများကို ရှူရှိူက်နေရပါတယ်။ ကျန်းမာရေးစစ်ချက်များ လုပ်ပေးပြီး ဒီလိုလုပ်ကိုင်နေတာတွေ လျော့ချပေးစေလိုပါတယ်ဗျာ။ သက်ဆိုင်သူတွေ သိဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

–မင်းမင်းသူ

ကျိုက်ထိုမြို့နယ်က ချဲထီ၊ နှစ်လုံးထီများကို ဘာလို့ မဖမ်းတာလဲ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းနှင့် လူစည်ကားရာ ဈေးများတွင် တရားမဝင် ချဲထီ/နှစ်လုံးထီများကို ဗြောင်ကျကျ ရောင်းချနေကြသည်များကို မြို့နယ်၊ ခရိုင်၊ ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက မသိလို့ပဲ မဖမ်းတာလား။ သိလျက်သားနဲ့ လိုင်းကြေးပေးပြီး ပေါင်းစားနေလို့ပဲ မဖမ်းတာလား ဆိုတာကို ဒီဗွီဘီကတဆင့် ကျိုက်ထိုမြို့သူမြို့သားများ ကိုယ်စား မေးမြန်းလိုက်ရပါတယ်။

–ကိုနေမင်းနိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013