DVB Logo
Home
Lead Story
မန်ယူအသင်း ဘာကြောင့် ‘(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ 
DVB
·
April 28, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မန်ယူနိုက်တက်အသင်းဟာ ဒီမနက်အစောပိုင်းက ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတွေရဲ့ ဂျာစီအင်္ကျီကို ပုံမှန်စပွန်ဆာဖြစ်တဲ့ “Snapdragon” အမှတ်တံဆိပ်နေရာမှာ အထူးထုတ်လုပ်ထားတဲ့ “(RED)” အမှတ်တံဆိပ်ပါ ဂျာစီနဲ့ အစားထိုး ဝတ်ဆင်ကစားသွားပါတယ်။

ဒီအပြောင်းအလဲဟာ ကမ္ဘာတဝန်းက HIV/AIDS တိုက်ဖျက်ရေးလှုပ်ရှားမှုကို ကူညီပံ့ပိုးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုဟာ အားကစားရဲ့စွမ်းအားကို လက်တွေ့ကမ္ဘာအတွက် အကျိုးသက်ရောက်မှုအဖြစ် ပြောင်းလဲနိုင်ကြောင်း ပြသလိုက်တာလို့ (RED) အဖွဲ့ ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိတ်ချားလ်စ်က ပြောပါတယ်။

Match Worn Shirt ရဲ့ ပူးတွဲတည်ထောင်သူ တီမန်ဇွန်ဒါဝစ်ခ်ကလည်း “ဒီအင်္ကျီတွေဟာ ကွင်းထဲက အကောင်းဆုံး ဘောလုံးအခိုက်အတန့်တွေကို ကွင်းပြင်ပက အဓိပ္ပာယ်ရှိတဲ့ အကျိုးသက်ရောက်မှုအဖြစ် ပြောင်းလဲပေးတာကို ကိုယ်စားပြုပါတယ်” လို့ ပြောပါတယ်။ 

ပရိသတ်တွေကို သူတို့ချစ်မြတ်နိုးတဲ့ အားကစားနဲ့ ပိုမိုနီးစပ်စေခြင်းအားဖြင့် အသက်ကယ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်တွေအတွက် ရန်ပုံငွေနဲ့ အသိပညာပေးမှုကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ် မေလက ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း (RED) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါတယ်။

(RED) အဖွဲ့ကို ၂၀၀၆ ခုနှစ်မှာ U2 အဖွဲ့ရဲ့ အဆိုတော် ဘိုနိုနဲ့ ဆန်တာမိုနီကာမြို့တော်ဝန်ဟောင်း ဘော်ဘီ ရှရိုင်ဗာတို့က စတင်တည်ထောင်ခဲ့တာပါ။ 

(RED) ရဲ့ ဝက်ဘ်ဆိုက်အရ ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်တွေ၊ နာမည်ကျော်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး မမျှတမှုတွေကို တိုက်ဖျက်ဖို့ ရန်ပုံငွေရှာဖွေတာ၊ အာရုံစိုက်မှုရအောင် လုပ်ဆောင်တာလို့ သိရပါတယ်။

ဒီအဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund) အတွက်  အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပြီး ကမ္ဘာတဝန်းက လူပေါင်း သန်း ၃၅၀ ကျော်ရဲ့ ဘဝတွေကို အကျိုးပြု ကူညီနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ကစားသမားတွေရဲ့ လက်မှတ်ပါ အင်္ကျီတွေကို လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

အခု ရှာဖွေရရှိတဲ့ ရန်ပုံငွေတွေကိုတော့ HIV/AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါလိုမျိုး ကမ္ဘာ့အန္တရာယ်အရှိဆုံး ကပ်ရောဂါတွေကို တိုက်ဖျက်ဖို့ ၂၀၀၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ Global Fund ဆီကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကုန်တုန်းကလည်း ဝက်စ်ဟမ်းနဲ့ ကစားတဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း (RED) အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။ အခုနှစ်မှာလည်း ဒီအစီအစဉ်ကို ထပ်လုပ်မယ်လို့ ဇန်နဝါရီလထဲမှာ ကြေညာခဲ့တာဖြစ်ပြီး လက်ရှိစပွန်ဆာဖြစ်တဲ့ Snapdragon ကုမ္ပဏီကလည်း အပြည့်အဝ ထောက်ခံအားပေးထားပါတယ်။

(RED) အမှတ်တံဆိပ်ကို မန်ယူအမျိုးသမီးအသင်းက ဧပြီ ၂၆ ရက်နေ့ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲမှာ ဝတ်ဆင်ကစားခဲ့ပြီး အမျိုးသားအသင်းကတော့ ဧပြီ ၂၇ ရက်၊ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘရန့်ဖို့ဒ်အသင်းကို ( ၂-၁)  ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဝတ်ဆင်ကစားခဲ့တာပါ။

ဒီတပွဲအတွက်သာ အထိမ်းအမှတ်အနေနဲ့ ပြောင်းလဲတာဖြစ်ပြီး နောက်ပိုင်းပွဲစဉ်တွေမှာတော့ Snapdragon အမှတ်တံဆိပ်ကိုပဲ ပြန်လည်အသုံးပြုမှာပါ။

ဒီပွဲစဉ်မှာ ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ လက်မှတ်ပါ ဒီအထူးထုတ် (Limited-edition)  အင်္ကျီတွေကို Match Worn Shirt (MWS)  လေလံပလက်ဖောင်းကနေတဆင့် လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ပွဲထွက်ကစားသမားတွေနဲ့ အရန်ကစားသမားတွေရဲ့ အင်္ကျီတွေအားလုံးကို ပရိသတ်တွေအနေနဲ့ ဧပြီ ၂၇ ရက်ကနေ မေ ၂ ရက်အထိ MWS ဝက်ဘ်ဆိုက်နဲ့ အက်ပလီကေးရှင်းကနေတဆင့် ပါဝင်လေလံဆွဲနိုင်မှာ ဖြစ်ပါတယ်။

ဒီလေလံပွဲကနေရရှိတဲ့ အကျိုးအမြတ်အားလုံးကို (RED) နဲ့ Global Fund တို့ကို လှူဒါန်းသွားမှာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းတွေ တိုက်ဖျက်ရေးအတွက် (RED) အဖွဲ့ရဲ့ လုပ်ငန်းတွေကို ထောက်ပံ့ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ 

Source: The Sun/ Independent/ Manchester Evening News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013