DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရေး ကန်ကြီးထောင့်အလုပ်သမား ၂၅၀ ကျော် တောင်းဆို
DVB
·
January 12, 2020
ဧရာဝတီတိုင်း ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရေး ကန်ကြီးထောင့်အလုပ်သမား ၂၅၀ ကျော် တောင်းဆို
1 / 2
Donate to DVB

ဝန်ကြီးချုပ်နဲ့ ဒုတိယအကြိမ် တွေ့ဆုံခွင့်ရဖို့ ကန်ကြီးထောင့် သပိတ်မှောက် အလုပ်သမားတွေဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးမှာ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ လာရောက်တောင်းဆိုခဲ့ကြပါတယ်။

အခုလို တောင်းဆိုတာဟာ ချိုးဖောက်ခံနေရတဲ့ အလုပ်သမား အခွင့်အရေးတွေနဲ့ အလုပ်သမားဝန်ကြီးရဲ့ ကတိမတည်တာတွေကို တွေ့ဆုံပြောပြဖို့ ဖြစ်တယ်လို့ အလုပ်သမားသပိတ် ခေါင်းဆောင်တဦးဖြစ်တဲ့ မစုပုံချစ်က ဒီဗွီဘီကို ပြောပါတယ်။

“ခုလာတာ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ပါ၊ ပထမတခါလာတုန်းက ဝန်ကြီး ၃ ပါးနဲ့ တွေ့ပါတယ်၊ ၃ ရက်အတွင်း ထူးခြားတဲ့အဖြေပေးမယ်ပြောလို့ စောင့်ခဲ့ပါတယ်။ ရက်ချိန်းပြည့်တော့ အလုပ်သမားဝန်ကြီးက အားလုံးအဆင်ပြေပြီ၊ ၁၁ ရက်နေ့ကို စာချုပ်ချုပ်ဆိုမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီနေ့ လုံးဝ ဆက်သွယ်မလာလို့ သမီးတို့ ဆရာမက ဖုန်းဆက်မေးတော့ လာမယ်ဆိုတဲ့သူတွေက မလာလို့ပါလို့ ပြန်ပြောပါတယ်၊ အဲဒီတော့ သမီးတို့တွေအားလုံး ဝန်ကြီးချုပ်ကို တွေ့ဆုံဖို့ လာခဲ့တာပါ။”

အလုပ်သမားတွေ ရောက်ရှိလာပြီ ခဏအကြာမှာပဲ အချုပ်ကား ၂ စီးနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေ ရောက်လာပြီး အစိုးရအဖွဲ့ရုံးရှေ့မှာ နေလို့မရကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။



အလုပ်သမားတွေဘက်ကတော့ ဝန်ကြီးချုပ်နဲ့ မတွေ့ရမချင်း အစိုးရရုံးရှေ့က ထွက်ခွာမှာ မဟုတ်ဘဲ အချုပ်ကားနဲ့ ဖမ်းခေါ်ရင်လည်း လိုက်ခဲ့မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့ကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ ကန်ကြီးထောင့်မြို့မှာရှိတဲ့ ဟွာမှုန်အထည်ချုပ် စက်ရုံအလုပ်သမား သပိတ်နဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေက ဝင်ရောက်ညှိနှိုင်းခဲ့ပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားကြား အခုထိပြေလည်မှု မရရှိသေးတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ကလည်း သပိတ်မှောက်အလုပ်သမားတွေက အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြောပြဖို့အတွက် အစိုးရရုံးရှေ့မှာ လာရောက် တောင်းဆိုခဲ့ကြပါသေးတယ်။

အလုပ်သမားတွေ အစိုးရအဖွဲ့ရုံးရှေ့ ရောက်လာချိန်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူအစွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း အပါအဝင် အစိုးရအဖွဲ့က ဝန်ကြီး ၃ ဦးက လက်ခံတွေ့ဆုံပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လက်ခံနားထောင်ခဲ့ကာ ၃ ရက်အတွင်း ထူးခြားတဲ့အဖြေ ပြန်ပေးမယ်လို့ ကတိပေးပြောဆိုခဲ့ပေမယ့် ထူးခြားမှုတစုံတရာ ရှိမလာတဲ့အတွက် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ လာရောက်တာလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ထားတဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တွေကို စက်ရုံပိုင်ရှင်က မလိုက်နာတာ၊ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အကျိုးစီးပွားဆိုင်ရာ အချက် ၈ ချက်နဲ့ပတ်သက်ပြီး အလုပ်သမား ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် ကန်ကြီးထောင့်အလုပ်သမားတွေ ဆန္ဒပြနေတာ တလလောက်ရှိပြီ ဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013