DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းရှိ တိုင်းရင်းသားဒေသအချို့တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၂၁ ရာခိုင်နှုန်းရှိ
DVB
·
January 11, 2020
စစ်ကိုင်းတိုင်းရှိ တိုင်းရင်းသားဒေသအချို့တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၂၁ ရာခိုင်နှုန်းရှိ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းက တိုင်းရင်းသားဒေသတချို့မှာ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၂၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ချင်းတွင်းအင်စတီကျူ့အဖွဲ့က ကောက်ယူတဲ့ စစ်တမ်းတခုအရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် ချင်းတွင်းအင်စတီကျူ့အဖွဲ့ကနေ ဌာနေတိုင်းရင်းသားလူမျိုးများ နိုင်ငံသားအခွင့်အရေးအဖြေရှာ ခေါင်းစဉ်နဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရဲ့ လုပ်ငန်းစဉ်အပေါ် ဒေသခံတိုင်းရင်းသားတွေရဲ့ သိရှိနားလည်မှုဆိုင်ရာ အချက်အလက်ကောက်ယူတဲ့ စစ်တမ်းတခုကို ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလထိ ၄ လကြာတဲ့ ကောက်ယူခဲ့တာပါ။

ဒီစစ်တမ်းကို ရှမ်း၊ ချင်း၊ နာဂ၊ ကတူး၊ ကနန်း တိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြတဲ့ စစ်ကိုင်းတိုင်းအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့အပါအဝင် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ တမူး၊ ကလေး၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ဝန်းသို စတဲ့မြို့နယ်တွေက လူဦးရေ ၁၂၈၆ ဦးကို ကျပန်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အခုလို ကောက်ယူရတာက တန်းတူညီမျှမှုနှင့် တိုင်းရင်းသား လူနည်းစုအခွင့်အရေးအတွက်လည်း ဖြစ်သလို လ.ဝ.က လုပ်ငန်းစဉ်တွေမှာ ဒေသခံ တိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို သိရှိပြီး သက်ဆိုင်ရာက ဖြေရှင်းဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ကာ Pataners Asia ရဲ့ ပံ့ပိုးမှုနဲ့ ကောက်ယူခဲ့တာလို့ ချင်းတွင်းအင်စတီကျူ့ဒါရိုက်တာ ဦးကျော်မိုးလှိုင်က ပြောပါတယ်။

"တချို့တိုင်းရင်းသားဒေသတွေမှာ နိုင်ငံသားစိစစ်ရေးကတ်ဆိုတာ မသိဘူး။ မှတ်ပုံတင်ဆိုမှ သိတယ်။ အခေါ်အဝေါ်တွေကအစပေါ့။ နားမလည်တာတွေ ရှိတယ်။ အိမ်ထောင်စုဇယား မရှိတာတွေလည်း တွေ့ရတယ်။ တချို့ဆို တိုင်းရင်းသားနာမည်အစား ဗမာနာမည်တွေ ပြောင်းပေးထားတာတွေ တွေ့ရတယ်။ မှတ်ပုံတင်ဖြစ်ဖြစ်၊ မွေးစာရင်းဖြစ်ဖြစ်၊ အိမ်ထောင်စုဇယားဖြစ်ဖြစ် နှောင့်နှေးကြန့်ကြာတာတွေလည်း တွေ့ရတယ်။ လူမျိုးစု မှားယွင်းတာတွေလည်း ရှိတယ်။ စစ်တမ်းအရဆို မှတ်ပုံတင်မရှိတဲ့သူက ၂၁ ရာခိုင်နှုန်းအထိရှိနေတယ်။ ဒါက အချိန်မီမလုပ်ဆောင်နိုင်ရင် လာမယ့် ရွေးကောက်ပွဲမှာ မဲပေးသူ ဦးရေ နည်းလာနိုင်တဲ့ကိစ္စတွေ ဖြစ်တယ်။ မဲပေးသူ နည်းလာရင် နောက်ဆက်တွဲ ဘာဖြစ်လာမလဲ စသဖြင့်ပေါ့။ လုပ်စရာတွေ အများကြီးရှိတယ်။ ဒီစစ်တမ်းကိုလည်း အစိုးရအဖွဲ့ကို ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်သုံးသပ်ဆောင်ရွက်ဖို့ကတော့ အစိုးရအလုပ်ပေါ့။ ကျနော်တို့ဆီမှာ သက်သေတွေလည်း ရှိပါတယ်။”



စစ်တမ်းကို အသက် ၁၆ နှစ်ပြည့်ပြီးသူ ကျား ၅၁ ရာခိုင်နှုန်းနဲ့ မ ၄၉ ရာခိုင်နှုန်းတို့က ဖြေဆိုခဲ့ကြပြီး လူကြီး လူငယ် ထက်ဝက် အချိုးတူပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မေးခွန်းပေါင်း ၁၈ ခုပါဝင်ပြီး မှတ်ပုံတင်၊ အိမ်ထောင်စု၊ မွေးစာရင်း စတာတွေကို အခြေခံမေးမြန်းခဲ့တာပါ။ ဒါ့အပြင် အကြံပြုချက်အနေနဲ့ လဝကလုပ်ငန်းစဉ်တွေကို ပြည်သူတွေကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ အသိပညာပေးတာတွေ များများလုပ်ဖို့ လိုအပ်နေသလို လဝက ဝန်ထမ်းအင်အားပိုမိုဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့အကြောင်းကိုလည်း အကြံပြုချက်မှာ ဖော်ပြထားပါတယ်။

တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနကရရှိတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလကုန်ထိ နိုင်ငံသားအရည်အချင်းကိုက်ညီတဲ့ အသက် ၁၀ နှစ်ပြည့်ပြီးသူ ၇၃၇၈၃ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၄၉၃၆၇ ဦး၊ အသစ်လဲလှယ် ၄၃၃၁၄ ဦးနဲ့ ပျောက်ဆုံး ပျက်စီးလို့ မိတ္တူလျှောက်သူ ၅၀၇၁၅ ဦး စုစုပေါင်း ၂၁၇၁၇၈ ဦးကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013