နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ဆက်လက်ကျင်းပနေတဲ့ ကျောက်မျက်ရတနာတွေကို မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲ စတုတ္ထနေ့ ဇန်နဝါရီ ၅ ရက်မှာ ကျောက်စိမ်းအတွဲပေါင်း ၁၁၉၂ တွဲ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၅ ရက်က ကျောက်စိမ်းအတွဲပေါင်း ၁၂၅၀ တွဲကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချရာမှာ ၁၁၉၂ တွဲ ရောင်းချနိုင်ခဲ့တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေလည်း ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမကို မနေ့က လာရောက် ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်း ရတနာကုန်သည်တွေဟာ ကျောက်စိမ်းအတွဲတွေကို မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ လှည့်လည်ကြည့်ရှုရွေးချယ်ပြီး ဈေးနှုန်းအဆိုပြုလွှာတွေကို သက်ဆိုင်ရာ တင်ဒါပုံးတွေထဲ ထည့်သွင်းကြပါတယ်။
ရောင်းချပွဲကို ဇန်နဝါရီ ၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ကျောက်စိမ်းအတွဲ အမှတ် (၁၂၅၁) မှ အတွဲအမှတ် (၂၅၀၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၁၂၅၀ တွဲကို ဇန်နဝါရီ ၆ ရက်၊ ကျောက်စိမ်းအတွဲ အမှတ် (၂၅၀၁) မှ အတွဲအမှတ် ၃၆၉၅ ထိ ကျောက်စိမ်းအတွဲပေါင်း ၁၁၉၅ တွဲကို ဇန်နဝါရီ ၇ ရက်တွေမှာ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ ရောင်းချပွဲကို ပြည်တွင်းရတနာကုန်သည် ၂၀၀၀ ကျော်လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။










