DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ခေါင်းဆောင်များကြောင့် စစ်ရေးနည်းဖြင့် ဖြေရှင်းနေရဟု ကာချုပ်ပြော
DVB
·
January 5, 2020
Donate to DVB

တပ်မတော်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးမြောက်အောင်လုပ်နေပေမယ့် နိုင်ငံ့အုပ်ချုပ်ရေးယန္တရားကို ထိပါးနှောင့်ယှက်နေတဲ့  လက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ခေါင်းဆောင်တွေကြောင့် စစ်ရေးနည်းအရ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

မ‌နေ့က နေပြည်တော် ဇေယျာသီရိဗိမာန်မှာလုပ်တဲ့ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေ ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

တပ်မတော်ဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားတခုတည်းကိုပဲရှေးရှုပြီး ခေတ်အဆက်ဆက် တောက်လောင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခမီးတောက်ကို ထာဝရ ငြိမ်းချမ်းရေးနဲ့ အပြီးတိုင် ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေတာက တည်ငြိမ်အေးချမ်းမှု မရှိတာဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုဆိုရာမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းဖို့နဲ့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းဖို့ အဓိကအရေးကြီးတယ်လို့ ပြောပါတယ်။

ဒါကြောင့် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဆောင်ရွက်တဲ့အခါ တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာတွေ ပြေလည်ရေးကိုပဲ ဦးတည်ဆောင်ရွက်နေတာ မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်ရေး၊ တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ကို အရောက် ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့အထိ အမြင်ကျဉ်းမြောင်းနေဆဲ၊ အတ္တကိုရှေ့တန်းတင်နေဆဲဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ ငြိမ်းငြိမ်ချမ်းချမ်း ဆောင်ရွက်ရမယ့်အစား နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားစေပြီး ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုမရှိအောင် လုပ်ဆောင်နေတာတွေ၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ထိပါး နှောင့်ယှက်နေတာတွေအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုစိတ်နည်းပါးတာတွေကြောင့် မလွဲမရှောင်သာဘဲ စစ်ရေးနည်းအရ ရင်ဆိုင် ဖြေရှင်း နေရတာတွေ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က အကြိမ်ကြိမ်လိုက်လျောတာ၊ သဘောထားကြီးကြီးနဲ့ သည်းခံ ညှိနှိုင်းတာတွေကို လျစ်လျူရှုပြီး လက်နက်ကိုင်အဖွဲ့အစည်းတချို့က နိုင်ငံရေးအမြတ်ထုတ်ချင်တာ၊ ပုဂ္ဂလိက အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ပဋိပက္ခတွေကို စတင်ဖန်တီးပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးစော်ကားနေတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တာနဲ့ပတ်သက်လာရင် တပ်မတော်ဟာ ရယူလိုမှု အနည်းဆုံးနဲ့ ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတရပ်ဖြစ်တာကို တပ်မတော်ရဲ့ အစဉ်အလာ ၁၂ ရပ်နဲ့ မှတ်ကျောက်တင်ခံခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနေ့က ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ သီဟသူရဘွဲ့ရရှိသူ ၁ ယောက်၊ သူရဘွဲ့ရရှိသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ၉ ယောက် ရှိခဲ့ပါတယ်။

ဒီနေ့အချိန်အထိ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်ရရှိသူ စုစုပေါင်းဟာ အောင်ဆန်းသူရိယဘွဲ့ ၆ ယောက်၊ သီဟသူရဘွဲ့ ၄၉ ယောက်၊ သူရဘွဲ့ ၅၄၅ ယောက်၊ သီဟဗလတံဆိပ် ၆ ယောက်၊ သူရဲကောင်းမှတ်တမ်းဝင် ၁၈၆၀ ယောက်၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ၂၀၁၁ ယောက်၊ စစ်သေနာပတိချုပ်ရဲ့သူရဲကောင်းလက်မှတ် ၃၃၇ ယောက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့သူရဲကောင်းလက်မှတ် ၂၈၈၉ ယောက်၊ စစ်သေနာပတိချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ် ၂ ယောက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ် ၁၇၁၃ ယောက် တို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013