
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ အလုပ်ကနေ ပြန်လာတဲ့ လူငယ်တယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး အပါအဝင် ၇ ယောက်ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက် ညက လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း)၊ အမှတ် ၆ ရပ်ကွက်နေ နိုင်နိုင်ကျော် ဆိုတဲ့ လူငယ်ကို အမှတ် ၈ ရပ်ကွက် စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအပါအဝင် ၇ ယောက်က အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ် ပြန်လွတ်လာပြီးနောက် အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်နိုင်စိုး၊ ကျော်ကျော်ဝင်း (ခ) ကျော်ကြီး၊ လွင်မိုး၊ ကျော်ထက်ခေါင်၊ ဇော်မင်း၊ ကျော်သက်ပိုင် (ခ) ကျားပေါက်နဲ့ အခြားတယောက်တို့ကို စက်တင်ဘာ ၁၀ ရက်မှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “အလုပ်က ပြန်လာချိန် ကင်းလှည့်အဖွဲ့ဆိုတဲ့ အုပ်ကြီးနဲ့အဖွဲ့က နိုင်နိုင်ကျော်ကို ပေါ်တာဆွဲခဲ့တာ။ ပြန်လွတ်လာပြီး ရဲစခန်းတိုင်လို့ အုပ်ကြီးနဲ့အဖွဲ့ က ဖမ်းခံရတာ။ ကောင်လေးက ၈ ရက်နေ့ညက ပြန်လွတ်လာတာလို့ သိရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးနဲ့ ၇ ယောက်အဖွဲ့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၅/၁၁၄ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က နိုင်နိုင်ကျော်ကို ၄ ရက်ကြာ ချုပ်နှောင်ထားပြီး အိမ်ကို ဖုန်းဆက်ခွင့်မပြုခဲ့သလို အိမ်သာနဲ့ ရေချိုးချိန်တွေမှာလည်း အစောင့်တွေက လိုက်လံ စောင့်ကြည့် ခဲ့တယ်လို့ သိရပါတယ်။











