
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ICFAI တက္ကသိုလ်မှာ မြန်မာနိုင်ငံက တက္ကသိုလ်ဝင်ခွင့် အောင်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ တက်ရောက် ပညာသင်ကြားခွင့်ရပေမဲ့ ကျောင်းဝင်ကြေး မြင့်မားတဲ့အတွက် ကျောင်းသားတွေမှာ စိန်ခေါ်မှုတွေ ရှိနေဆဲပါ။
မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ရှိ ICFAI တက္ကသိုလ်မှာ မြန်မာနိုင်ငံက Grade 11 (စနစ်ဟောင်း) နဲ့ Grade 12 (စနစ်သစ်) အောင်မြင်ထားတဲ့ မြန်မာကျောင်းသားတွေ ပညာသင်ယူနိုင်တယ်လို့ ကျောင်းသား/သူတွေ နဲ့ ဆရာတွေ ဆီက သိရပါတယ်။
ICFAI တက္ကသိုလ်မှာ တက်ရောက်လိုတဲ့ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို ICFAI တက္ကသိုလ်မှာ ရယူနိုင်ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ လျှောက်လွှာပိတ်မယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံအနှံ့ စစ်ရေးမငြိမ်သက်မှုတွေကြောင့် ပညာရေးအခွင့်အလမ်း ဆုံးရှုံးရသူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးတာဖြစ်တယ်လို့ ပညာရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“အဲဒီကျောင်းမှာက အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် တက်ခွင့်ပြုပေးထားတယ်။ Old System ဖြစ်ဖြစ် New System တက်ခွင့်ပြုထားတယ်။ အဲဒီက Certificate (အောင်လက်မှတ်) ရလို့ရှိရင်လည်း အစိုးရလုပ်ငန်းတွေလုပ်လို့ရတယ်။ အဲဒါ နည်းနည်း အားသာချက်ပေါ့။ ဒါက လူငယ်တွေအတွက် အခွင့်ကောင်းပဲလို့ မြင်တယ်။ ဘာလို့ဆို ဒီ Certificateက အိန္ဒိယနိုင်ငံမှာပါ အသုံးပြုလို့ ရသလို သင်ယူထားတဲ့ ကိုယ့်ရဲ့ပညာတွေကိုလည်း အသုံးပြုလို့ရတယ်လေ။ ဆိုလိုချင်တာက တချို့တွေဆို အဲဒီကျောင်းကနေ English တက်တယ်၊ အဲဒီကနေ ကျောင်းပြီးရင် ကိုယ်ထူကိုယ်ထ English ကျောင်းထူထောင်တာရှိတယ်၊ ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်တဲ့သူတွေရှိ တယ်ပေါ့နော်။”
တက္ကသိုလ်တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအနေနဲ့ ဗီဇာနဲ့ နိုင်ငံကူးလက်မှတ် (Passport) မလိုဘဲ တက်ရောက်နိုင်ပါတယ်။
မြန်မာနိုင်ငံက Grade 11 (စနစ်ဟောင်း) နဲ့ Grade 12 (စနစ်သစ်)အောင်မြင်ထားတဲ့ လက်မှတ်တွေကို လျှောက်လွှာမှာ တပါတည်း ပူးတွဲတင်ပြရမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် သြဂုတ် ၃ ရက်မှာ ကျောင်းစဖွင့်မယ်လို့ သိရပါတယ်။
ICFAI တက္ကသိုလ်မှာ ပညာသင်ဆုနဲ့ MA(Education) တက်ရောက်နေသူတယောက်ကတော့ နောက်လာမဲ့ ကျောင်းသားသစ်တွေကို English စာနဲ့ ကွန်ပျူတာပညာကို သေချာပြင်ဆင်ပြီးမှ လာစေချင်တယ်လို့ ပြောပါတယ်။
ICFAI တက္ကသိုလ်ကျောင်းသားတယောက်က “ကိုယ့်နိုင်ငံမှာကျတော့ ကျောင်းတွေက ပြန်တက်လို့မရတော့ အခွင့်အရေးရှိတုန်း ဒီမှာလာတက်တာပါ။ အရင်တုန်းက စနစ်ဟောင်း ( ဆယ်တန်း )အောင်တဲ့လူကျတော့ ဝင်ခွင့်ဖြေရမယ်။ ၁၂ တန်းအောင်တဲ့သူကျတော့ လျှောက်ထားပြီး အင်တာဗျူးဖြေရမှာပေါ့။ သူတို့ တကယ်တက်ချင်တယ်ဆိုရင် English စာပြင်ဆင်၊ ကွန်ပျုတာတွေကို သေချာလေးလေ့လာပြီးတော့မှ ဒီကိုလာစေချင်ပါတယ်။ တကယ် ပညာလိုချင်တဲ့လူတွေလာမှပဲ ဒီကျောင်းကအဆင်ပြေနိုင်ပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဒီမှာ တခုခုအမှားလုပ်မိရင် ကျန်တဲ့သူတွေပါ နောက်လာမဲ့ သူတွေပါ အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဘယ်သူပဲ ဖြစ်ဖြစ် တကယ်စိတ်ဝင်စားပြီးတော့ အကျင့်စာရိတ္တကောင်းတဲ့သူ၊ တကယ့်ပညာ လိုချင်တဲ့သူတွေအတွက်ကျတော့ ကျနော်တို့ အမြဲတမ်း ကူညီဖို့အဆင်သင့်ဘဲဆိုတာ ပြောချင် ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ICFAI တက္ကသိုလ်မှာ ကျောင်းဝင်ကြေး ဘာသာရပ်အလိုက် Semester တခုကို အိန္ဒိယ ရူပီး ၃၀,၀၀၀ ကနေ ၆၀,၀၀၀ ( မြန်မာငွေ ၁၅ သိန်းကနေ သိန်း ၃၀ ) အထိ ပေးသွင်းရမှာလို့လည်း သိရပါတယ်။
ဒါကြောင့် တဖက်မှာလည်း ကျောင်းဝင်ကြေးမြင့်မားနေတဲ့အတွက် ပညာသင်စရိတ်ထောက်ပံ့ ပေးရာမှာ စိန်ခေါ်မှုတွေရှိနေဆဲပါလို့ ရခိုင်ပြည်နယ်က ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ICFAI တက္ကသိုလ်ဟာ အိန္ဒိယနိုင်ငံတဝန်း တက္ကသိုလ်ကျောင်းပေါင်း ၁၁ ကျောင်းအထိ ဖွင့်လှစ်ထားနိုင်တဲ့ နိုင်ငံတကာ အဆင့်မှီတက္ကသိုလ်တခုဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲ စတင်ကတည်းက စစ်ရေးပဋိပက္ခတွေကြောင့် ကျောင်းသား လူငယ်တွေဟာ ပညာသင်ကြားနိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပြီး အနာဂတ်အိပ်မက်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။
ကေခိုင်










