DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်၏‘အဆင်ပြေပါတယ်’သီချင်းနှင့် အစွမ်းပြယှဉ်ပြိုင်ခဲ့သူ အလွမ်းတေးသီငှက် ကလေး အေးမြဖြူ(ရုပ်သံ)
DVB
·
December 13, 2019
Donate to DVB

“ငါအဆင်ပြေပါတယ်… မင်း ငြီးငွေ့နေမယ်… ဘယ်လိုမှ သုံးစားမရတဲ့ ငါ့အချစ် မင်းအတွက်… ငါအဆင်ပြေပါတယ်… မင်း စိတ်ပျက်နေမယ်… မလိုရင်ထားခဲ့လိုက်ပေါ့ … မင်းအတွက် အပိုပဲ”

 ဒါကတော့ တေးရေး ဆလိုင်းရေးစပ်ထားပြီး နာမည်ကြီး တေးသံရှင် နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘အဆင်ပြေပါတယ်’သီချင်းထဲက တေးသွားစာသားတွေဖြစ်ပြီး ခုတ ခါမှာတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲစင်မြင့်ထက်မှာ ပရိသတ်တွေက တကျော့ပြန် ရှုစားခဲ့ကြရတာပါ။

မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် Top Finalists ၅ ယောက်က ထင်ရှားကျော်ကြား တေးသီချင်းတွေနဲ့အတူ အစွမ်းကုန် ယှဉ် ပြိုင်ခဲ့ကြပြီး မြန်မာအိုင်ဒေါရဲ့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင် အေးမြဖြူက ဒီသီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပါတယ်။

 “မင်းကစလမ်းခွဲ… မလိုတော့ငါ့အပြစ်ပဲ… နေပါစေ မင်းအတွက်နဲ့… ဝန်ခံတာ ငါ အရမ်းချစ်လို့ပဲ… မင်းမုန်းလည်း… ရင်ကွဲလည်းငါကွဲပါစေ… အပျော်အပျက် သဘောပဲ မှတ်ထားမှာ… တကယ် နင် စိတ်ချမ်းသာ ဖို့… ငါတစ်ယောက်တည်း ဆိုလည်း… အဆင် ပြေတယ်”

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့ပါတယ်။

အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘ရက်စက်သွားသူ’သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရတဲ့ ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာဖြစ်ပြီး အေးမြဖြူက နီနီခင်ဇော်ရဲ့ ‘လွမ်းခွင့်လေး’သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့တာ ပါ။

ရော့ခ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ နောက်တပတ်မှာတော့ သူက သရုပ် ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ ‘မြင်သောငိုသော မျက် လုံးများသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တက္ကသိုလ်သီချင်းတွေနဲ့ သီတင်းပတ်မှာတော့ ဝါရင့်တေးသံရှင် သရုပ်ဆောင်မင်းသမီးကြီး ချိုပြုံးရဲ့ ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’ သီချင်းနဲ့ မြန်မာသံကို ပိုင်ပိုင်နိုင်နိုင်သီဆို အစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

ကန်းထရီးသီချင်းတွေနဲ့ ညမှာတော့ အေးမြဖြူက တချိန်က နာမည်ကြီး အမျိုးသ မီးတေးသံရှင်တဦးဖြစ်တဲ့ တင့်တင့်ထွန်းရဲ့ တောက်ပခဲ့တဲ့ နေ့ရက်များ’သီချင်း၊ စိုးလွင် လွင်အမှတ်တရသီချင်းတွေနဲ့ သီတင်းပတ်မှာ ‘ချစ်သူစိတ်ကူး’သီချင်း၊ ဟေမာန်ဆောင်း သီချင်းတွေနဲ့ အမှတ်တရသီဆိုရတဲ့ ညမှာ တေးသံရှင် စိုင်းထီးဆိုင်သီဆိုအောင်မြင်ခဲ့တဲ့ ‘ဒီဆောင်းတည’သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ခုသီတင်းပတ်ရဲ့ ထင်ရှားကျော်ကြား တေးသီချင်းတွေနဲ့ ညမှာလည်း အေးမြဖြူ ဟာ မူရင်းအဆိုရှင် နီနီခင်ဇော်နဲ့ မတူညီတဲ့ ကိုယ်ပိုင်သီဆိုဟန်နဲ့အတူ အစွမ်းပြခဲ့ပြီး ပရိ သတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့ပါတယ်။

သီချင်းအဆုံးမှာတော့ ဒိုင်တွေက မှတ်ချက်ပေးခဲ့ချိန်မှာတော့ နာမည်ကြီးသီချင်း တပုဒ်ကို အေးမြဖြူရဲ့ ကိုယ်ပိုင်သီဆိုဟန်နဲ့ သီဆိုမှုအပေါ် ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြ တာကို တွေ့ရပါတယ်။

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၅ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013