
YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ် တပ်ဆင်အသုံးပြုဖို့ Payment Card ကို တာဝန်ယူဆောင်ရွက်မယ့် ကုမ္ပဏီနဲ့ YBS ဘတ်စ်ကား ကုမ္ပဏီ ၄ ခုတို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ကတ်စနစ်ကို တာဝန်ယူဆောင်ရွက်မယ့် Asia Starmar ကုမ္ပဏီနဲ့ ရန်ကုန် ဘတ်စ်ကားအများပိုင်ကုမ္ပဏီ၊ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီနဲ့ ရွှေတောင်ပိုင်းကုမ္ပဏီတို့ဟာ ဒီဇင်ဘာ ၆ ရက်နေ့က စာချုပ်ချုပ်ဆိုလိုက်တာပါ။
စာချုပ်အရ ပထမအဆင့်အနေနဲ့ ဘတ်စ်ကား ၃၂ လိုင်းက ယာဉ်အစီးရေ ၁၅၀၀ ကို ကတ် ဖတ်တဲ့ စက်တွေ ဒီဇင်ဘာလအတွင်း အပြီးတပ်ဆင်ပြီး ၂၀၂၀ ဇန်နဝါရီလမှာ ခရီးသွားပြည်သူတွေ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “ပထမအဆင့် အစီးရေ ၁၅၀၀ ကို ဒီလထဲမှာ အပြီး တပ်ဆင်မယ်။ ပြီးရင် ဒုတိယအဆင့် ၁၀၃၉ စီးကိုလည်း ဆက်လက်တပ်ဆင်သွားမှာဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။










