
အမေရိကန် အထူးတပ်ဖွဲ့ဝင် ဂန်နွန် ဗန်ဒိုက်ဟာ ဗင်နီဇွဲလားသမ္မတဟောင်း နီကိုးလပ်စ် မာဒူရိုကို ဖယ်ရှားမဲ့ စစ်ဆင်ရေးအတွင်း ရရှိတဲ့ လျှို့ဝှက်ကန့်သတ် အတွင်းသတင်းကို သုံးပြီး လောင်းကစား လုပ်တာမှာ ဒေါ်လာ ၄ သိန်းကျော် အနိုင်ရခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် သူ့မှာ အပြစ်မရှိဘူးလို့ ဧပြီ ၂၈ ရက်က မန်ဟက်တန် ဖက်ဒရယ်တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် တပ်ကြပ်ကြီး ဗန်ဒိုက်ဟာ Fort Bragg မှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးတပ်ဖွဲ့က တပ်ကြပ်ကြီးတယောက်ဖြစ်ပြီး လက်ရှိမှာ စစ်တပ်ကနေ ခွင့်ယူထားပြီး အမှု ဆက်လက် ရင်ဆိုင်နေရပါတယ်။
ဗန်ဒိုက်ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်က မာဒူရိုနဲ့ ဇနီးဖြစ်သူ ဆီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
မာဒူရို ရာထူးက ပြုတ်တော့မယ်ဆိုတာနဲ့ အမေရိကန်တပ်တွေ ဗင်နီဇွဲလားထဲ ဝင်တော့မယ်ဆိုတဲ့ ဖြစ်နိုင်ခြေနည်းတဲ့ အဖြစ်အပျက်တွေအပေါ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်အထိ လောင်းကစားစျေးကွက်တခုဖြစ်တဲ့ Polymarket မှာ ဒေါ်လာ ၃၃,၀၀၀ ဖိုး လောင်းကြေး ထပ်ခဲ့ပြီး အမြတ်ငွေ အမြောက်အမြား ရခဲ့တာလို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။
ဒါဟာ ခန့်မှန်းချက်စျေးကွက်မှာ အတွင်းသတင်းကို အသုံးချပြီး ကိုယ်ကျိုးရှာမှုနဲ့ ပတ်သက်လို့ တရားရေးဌာနက ပထမဆုံးအကြိမ် စွဲဆိုတဲ့အမှုလည်း ဖြစ်ပါတယ်။
ကုန်စည် အနာဂတ်ရောင်းဝယ်ရေး ကော်မရှင်ကလည်း ဗန်ဒိုက်ကို အရပ်ဘက်စွဲချက်တွေ တင်သွင်း ခဲ့ပါတယ်။
တရားရုံးမှာ ဗန်ဒိုက်က သူ့မှာ “အပြစ်မရှိပါဘူး” လို့ ထွက်ဆိုခဲ့သလို သူ့ရှေ့နေကလည်း ဗန်ဒိုက်ဟာ အမေရိကန်ရဲ့ သူရဲကောင်းတယောက်ဖြစ်ပြီး အခုစွဲချက်ဟာ ရာဇဝတ်မှု မဟုတ်ဘူးလို့ တုံ့ပြန် ပါတယ်။
လက်ရှိမှာတော့ တရားသူကြီး ဂါးနက်က ဗန်ဒိုက်ကို ဒေါ်လာ ၂ သိန်းခွဲ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး သူ့ရဲ့ သွားလာမှုကိုတော့ မိသားစုရှိရာ မြောက်ကာရိုလိုင်းနား၊ နယူးယောက်နဲ့ ကယ်လီဖိုးနီးယား နယ်မြေ တချို့မှာပဲ ခွင့်ပြုထားပြီး နယ်မြေကျော် သွားလာခွင့် ကန့်သတ်ထားပါတယ်။
ဗန်ဒိုက်ဟာ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် အစိုးရလျှို့ဝှက်ချက် အလွဲသုံးစားလုပ်မှု၊ အများပြည်သူပိုင်မဟုတ်တဲ့ အစိုးရသတင်းအချက်အလက်တွေကို ခိုးယူမှု၊ ကုန်စည်စျေးကွက် အတွင်း လိမ်လည်မှု၊ ဆက်သွယ်ရေးကွန်ရက်သုံး ငွေကြေးလိမ်လည်မှုနဲ့ တရားမဝင် ငွေကြေးလွှဲ ပြောင်းမှုစတဲ့ ရာဇဝတ်မှုစွဲချက် ၅ ခုနဲ့ ရင်ဆိုင်နေရပါတယ်။
နောက်ထပ်ရုံးချိန်းကိုတော့ ဇွန် ၈ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source: Reuters











