DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့က လုပ်ငန်းရှင် အသတ်ခံရမှုမှ တရားခံဟု ယူဆရသူကို ဖမ်းမိ
DVB
·
December 7, 2019
ပဲခူးမြို့က လုပ်ငန်းရှင် အသတ်ခံရမှုမှ တရားခံဟု ယူဆရသူကို ဖမ်းမိ
Donate to DVB

ပဲခူးမြို့က Big Boss ရေသန့်လုပ်ငန်းရှင်ကို သတ်ပြီး အလောင်းဖျောက်သူဟု ယူဆရသူ အင်းတကော်မြို့၊ တောင်ကြီးကွဲရွာနေ စိုင်းကိုကို(ခ)ကိုစိုင်းကို ဒီဇင်ဘာ ၆ ရက်က ကြို့ပင်ကောက်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

သေဆုံးသူ ကိုဝင်းထွဋ်ဟာ ဒီဇင်ဘာ ၅ ရက်ညနေမှာ သူပိုင်ခြံထဲက ပြန်လာပြီး ခြံထဲက အလုပ်သမားတွေက ဟင်းရွက်တွေ ခူးထားတယ် လာယူပါဦးဆိုလို့ တခေါက်ပြန်သွားယူပြီးတဲ့နောက် ပျောက်ဆုံးသွားတာလို့ ယောက်ဖတော်စပ်သူ ကိုအောင်ကျော်လင်းက ပြောပါတယ်။

အဲဒီအချိန်တည်းက သေဆုံးသူ ကိုဝင်းထွဋ် ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဝိုင်းဝန်းရှာဖွေကြရာ ဒီဇင်ဘာ ၆ ရက်မနက် ၃ နာရီလောက်မှာ ရွှေပြည် Resort နားက ကိုဝင်းထွဋ် ပိုင်တဲ့ ခြံထဲမှာ ဖွဲပြာနဲ့မြေရောထားတဲ့ မြေစာပုံအောက်ကနေ အလောင်းကို တွေ့ရှိခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့သူ ကလျာဏမိတ္တ နာမှုကူညီရေးပရဟိတအသင်း ဥက္ကဋ္ဌ ကိုကုလားက ပြောပါတယ်။

“ရွှေပြည် Resort နားက ၁၈ ဧကလောက်ကျယ်တဲ့ သူ့ခြံထဲက ဝန်ထမ်းအိမ်ရာနဲ့ ဂိတ်ပေါက်အလယ်လောက်မှာ သွေးကွက်လို တကွက်တွေ့လို့ အဲဒီခြံထဲက CCTV မှတ်တမ်းကို ကြည့်တော့ တုတ်ကိုင်ထားတဲ့လူတွေကို တွေ့တယ်။ ပြီးတော့ လူတယောက်ကို မ သယ်သွားတာ တွေ့တယ်။အဲဒါနဲ့ ခြံထဲကို လိုက်ရှာတာ ဘာမှမတွေ့ကြပါဘူး။ မနက် ၃ နာရီလောက်မှာတော့ ပဲခူးသွေးအသင်းက ကိုရဲဟိန်း အပေါ့သွားရင်းအနားမှာ မြေတွေပွနေလို မသင်္ကာတာနဲ့ ထိုးဆွ ကြည့်ရာက ပြာနဲ့မြေကြီးရောထားတဲ့ မြေတွေနဲ့ဖို့ထားတဲ့ ကိုဝင်းထွဋ်ရဲ့ အလောင်းကို တွေ့ရှိခဲ့ တာ။”

ကိုဝင်းထွဋ်ကို ခြံစောင့်လုပ်သူ ၃ ယောက်က သတ်တာဖြစ်နိုင်တဲ့အတွက် ၂ ယောက်ကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးမိထားပြီးနောက် ကိုဝင်းထွဋ်ရဲ့ ကားနဲ့အတူ ပျောက်ဆုံးနေတဲ့ စိုင်းကိုကို(ခ) ကိုစိုင်းကို ထပ်မံဖမ်းဆီးမိခဲ့တာပါ။

ကိုဝင်းထွဋ်မှာ ဝတ်ဆင်ထားတဲ့ သိန်း ၅၀၀ တန် ပတ္တမြားလက်စွပ်၊ ဖုန်းနဲ့ ငွေတချို့လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အလောင်းကိုတော့ ဒီဇင်ဘာလ ၆ ရက်မနက် ၉ နာရီခွဲလောက်က တာဝန်ရှိသူတွေ တူးဖော်ပြီး ပဲခူးဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်စစ်ဆေးထားပါတယ်။

လူသတ်အလောင်းဖျောက်ပြီး ပစ္စည်းတချို့ယူဆောင်ထွက်ပြေးသူဟု ယူဆရသူ စိုင်းကိုကို(ခ)ကိုစိုင်းကို အင်းတကော်နယ်မြေရဲစခန်းက (ပ)၂၉၆/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊၃၉၂၊၂၀၁ တို့နဲ့အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013